၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅

မြန်မာ-တရုတ် နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ကုန်သွယ်ခြင်းကို ဇန်နဝါရီ ၁၂ ရက်တွင် စတင် လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် အဆင်ပြေနေသော်လည်း ကုန်တင်ပို့မှုတွင် အခက်အခဲများနှင့် အဆင် မပြေမှုများရှိနေကြောင်း မူဆယ်ရှိ ကုန်သည်များက ဆိုသည်။

နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ကုန်သွယ်မှုလုပ်ဆောင်ရခြင်းမှာ အမေရိကန် ဒေါ်လာ အပေါ်  မှီခိုမှုကို လျှော့ချနိုင်ရန်သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကုန်တင်ပို့မှု အခက်အခဲနှင့်ပတ်သက်၍ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ဥပမာ ဆန်ပြောမယ်ပေါ့။ ဆန်ကိုပို့တယ်ဆိုရင် အဲ့ဆန်ကို နမူနာပို့ရတယ်။ နမူနာက ဘယ်လောက်ထိပို့ရလဲဆိုတော့ ယူနန်ပြည်နယ် ကူမင်းမြို့ထိပို့ရတယ်။ ကားအစီးတိုင်းကိုတော့ မဆိုလိုဘူး။ အဲ့လိုပို့လို့ရှိရင် အသွားအပြန် ၁၄ ရက်ကြာတယ်။ ကူမင်းကနေပြီး နမူနာ အဆင်ပြေမှသာ ဒီကားတွေက ခွင့်ပြုတာ။ အဲ့အတွက် ၁၄ ရက်စောင့်ရတဲ့အတွက် ဒီကားတွေက အဲ့မှာ တန်းစီ နေတာ ၁၄ ရက် မကြာသွားဘူးလား။ အဲ့လိုမျိုးတွေပေါ့။ အခြားကုန်ပစ္စည်းတွေကိုလည်း နမူနာတွေ စစ်ဆေး တယ်။ အရေးကြီးတဲ့ဟာတွေဆို ကူမင်းအထိပို့တယ်။ ကူမင်းအထိပို့ရင် ကားတွေက ၁၄ ရက်၊ ၁၅ ရက်၊ ရက်၂၀ အဲ့လောက်ကြာသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့စစ်ဆေးတဲ့အခါမှာ တရုတ်ပြည်က အင်မတန်မှ တင်းကြပ်မှုတွေရှိတဲ့အတွက် အခုလိုကြန့်ကြာတယ် ကားတွေစစ်ဆေးတာ။ ကားတွေစစ်ဆေးတာကြန့်ကြာတော့ ကားတွေက ပိတ်ဆို့မှုတွေဖြစ်သွားတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ကုန်ပစ္စည်းများအား နမူနာပို့ရခြင်းသည် ယခင်ကမရှိခဲ့ဘဲ ယခုအချိန်မှ တရုတ်ဘက်က လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာဘက်ခြမ်း၌ ကုန်ပစ္စည်းများတင်ထားသည့် ကုန်ကားအစီးရေ ၈၀၀ ကျော်ခန့် သည် တရုတ်သို့တင်ပို့ရန် စောင့်ဆိုင်းနေရကာ နှစ်နိုင်ငံကုန်သွယ်မှု အဝင်၊အထွက်ကျပ်နေကြောင်း သိရသည်။ 

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ကုန်သွယ်ခြင်းသည် ငွေကြေးလိမ်လည်မှု ပြဿနာ၊ Exchange rate ဈေးကွာဟချက်များမရှိတော့သည့်အတွက် ကောင်းမွန်ကြောင်း အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ကိုအောင်ဆက်နိုင်က CNI သို့ ပြောသည်။

“ဒီလိုအခြေအနေက ဒီနှစ်မှာမလုပ်လည်း တချိန်ချိန်မှာတော့ တစ်ဖက်နိုင်ငံနဲ့ နိုင်ငံဖြတ်ကျော်ပြီး ကုန်သွယ်မှု လုပ်တယ်ဆိုကတည်းက trade law တွေ အရပဲပြောပြော တကယ် international level တစ်ခုကို သွားဖို့ဆိုတာ ဒီ law တွေနောက်ကို ကျနော်တို့လိုက်နာရမယ်။ အခုမဟုတ်ဘူး နောင် ၅ နှစ်ကျရင်လည်း ကျနော်တို့ ရင်ဆိုင် ရမယ့်အခြေအနေပဲ။ စောစောရင်ဆိုင်ရတာနဲ့ နောက်ကျပြီးရင်ဆိုင်ရတာနဲ့ ဒါလေးတော့ ကွာသွားမယ်။ တခုရှိတာ က အခုလုပ်လိုက်ရတဲ့ အခြေအနေက ကျနော်တို့ကုန်သွယ်မှုတွေ ကမောက်ကမတွေ ဖြစ်နေတဲ့အချိန်မှာ ဒါမျိုး ဥပဒေတွေဖြစ်လာတဲ့အတွက်ကြောင့် နည်းနည်းလေးတော့ လုပ်ငန်းကိုင်ငန်းတွေမှာ နည်းနည်းအလုပ်ပို သွားတာလေးတွေတော့ ရှိမှာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် ဘဏ်စနစ်ဖြင့် ယွမ်/ကျပ်တိုက်ရိုက် အသုံးပြုကုန်သွယ်ရာတွင် ပို့ကုန် ၇ မျိုးနှင့် သွင်းကုန် ၃၁ မျိုးသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘဏ်စနစ်အဆင်ပြေလာပါက ပို့ကုန်၊ သွင်းကုန်အားလုံးကို ဘဏ်စနစ်ဖြင့် ကုန်သွယ်မှု ပြုလုပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက် ပေးချေမှုအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာ ၁၄ ရက်နေ့က တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်အတွက် ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ကုန်သွယ်မှု ယွမ်သန်း ၂၀၀ ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - --  ယွမ်/ကျပ် တိုက်ရိုက် ကုန်သွယ်မှု ဇန်နဝါရီ ၁၂ ရက်တွင် စတင်မည်

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - --  ယွမ်ငွေအကောင့် ဖွင့်ခွင့်ရပြီး ယွမ်/ကျပ် ကုန်သွယ်မှု မကြာခင်စတင်နိုင်

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - --  သုံးနိုင်ငံနှင့် ကုန်သွယ်မှု ကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်