၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅

ငွေဆောင်ကမ်းခြေ၏ ညနေခင်းအလှနှင့် ညချမ်းအလှကို ကြည့်ရှုခံစားနိုင်ရန်အတွက် ကမ်းခြေစီးပွားရေးနှင့် အပန်းဖြေစင်တာ(Ngwe Saung Square)နှင့် ညလျှောက်လမ်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းပေါင်း ၄၀ ကျော်ပါဝင်ကြောင်း၊ အစားအသောက်ဆိုင်ခန်းများ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း ယင်းကို အကောင်အထည်ဖော်ဆောင် ရွက်နေသည့် IME Property Co.,Ltd ၏ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က အဓိက Night Market လုပ်မှာ။ ဧပြီလတော့ ဖွင့်မယ်လို့ ပြောပါတယ်။ ဆိုင်ခန်းကတော့ ခန့်မှန်းခြေဆို ၄၀ ကျော်လောက်တော့ ရှိမယ်ဗျ။ အကျယ်အဝန်းကတော့ မတူဘူး။ ကျနော်တို့က ၃ မျိုး သတ်မှတ် ထားတယ်။ ၃ ပေ x ၈ ပေ၊ ၈ ပေ x ၈ ပေ၊ ပြီးတော့ လှည်းလေးတွေနဲ့ ရောင်းတဲ့ဆိုင်ဆိုပြီးတော့ရှိတယ်။ ကြိုက် တာရောင်းလို့ရတယ်ဆိုတာက အဓိကဒေသထွက် အစားအသောက်တွေအပြင်ပေါ့နော် ကျန်တဲ့ အမှတ်တရ ပစ္စည်းတို့ ဖွင့်မယ်ဆိုလို့ရှိရင် ဖွင့်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဆိုင်တွေကို စိစစ်ပြီး ရွေးချယ်ပြီးတော့ လုပ်မှာပေါ့နော်” ဟု ပြောသည်။

Ngwe Saung Square ၏ အကျယ်အဝန်း ဧရိယာသည် အကျယ် ၆၅ ပေ နှင့် ၅၄၆ ပေ ရှည်လျားကြောင်း သိရ သည်။

ဒါ့အပြင် ငွေဆောင်တွင် ခရီးသွားများကို ဆွဲဆောင်နိုင်အောင် လုပ်ဆောင်၍ ရနိုင်မည့် ကဏ္ဍများစွာလည်း ရှိသေးကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကတော့ ယခုလို ညလျှောက်လမ်းနှင့် ဈေးဆိုင်ခန်းများအား ဖော်ဆောင်ပေးခြင်းကို ကြိုဆိုကြောင်းနှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

“ကမ်းခြေရောက်သွားလို့ရှိရင် ခရီးသည်တွေက ညနေဘက် နေစောင်းလာလို့ရှိရင် ညဘက် စားပြီးတော့ ဟိုတယ် မှာ အိပ်နေရတာပေါ့နော် ဘာလှုပ်ရှားမှုမှ မရှိဘူးပေါ့နော်။ အဲတော့ ကျနော်တို့က ဒီလို ညဈေးတွေ ဖွင့်ပေးတာတို့၊ သူတို့အတွက် ကျန်တဲ့ သွားလာလို့ရတဲ့ နေရာလေးတွေ လုပ်ပေးတာတို့ပေါ့နော် အဲလိုဟာမျိုးတွေ လုပ်ပေးဖို့ သင့်လျော်တယ်လို့ ဟိုးတုန်းက ကျနောတို့ အကြံပြုခဲ့တာတွေ ရှိတယ်။ ဒီအကြံပြုထားတာနဲ့ပတ်သက်ပြီးတော့ အခု ငွေဆောင်နဲ့ပတ်သက်ပြီးတော့ စီမံဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များကပေါ့နော် အမြော်အမြင်ရှိရှိနဲ့ လုပ်ပေး တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။ ဒါတွေက တကယ်တမ်း ခရီးသွားတွေအတွက် ပြည်တွင်းဖြစ်စေ၊ ပြည်ပ ဖြစ်စေပေါ့နော် ခရီးသွားတွေအတွက်က လိုအပ်တဲ့အရာတစ်ခုပါ အဲလို လမ်းလျှောက်တာတို့ ဘာတို့ဆိုတာလေ” ဟု ပြောသည်။

ထို့နောက် ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်နှင့် ချောင်းသာကမ်းခြေများသည် နိုင်ငံတကာမှ ခရီးသွားများ သိနှင့် ပြီးသားဖြစ်သည့်အပြင် ယခုလို အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက် သက်ရောက်မှုများစွာရှိလာမည်ဟု ယုံကြည်ကြောင်း ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဦးသက်ပိုင်က CNI သို့ သုံးသပ်ပြောဆိုသည်။

“တကယ်တမ်းကျတော့ ဒါက ခရီးသွားလုပ်ငန်းကို ဖိတ်ခေါ်တာပဲလေ။ ဖိတ်ခေါ်တယ်ဆိုတော့ ကျနော်တို့ လက်ရှိမှာ ချောင်းသာ၊ ငွေဆောင်ကတော့ လက်ရှိမှာလည်း နိုင်ငံတကာက တော်တော်များများ သိပါတယ်။ ဒီနေရာက ရန်ကုန်မြို့နဲ့ အနီးဆုံးပေါ့နော်။ တော်တော်များများလည်း အပန်းဖြေစခန်းက လက်ရှိမှာလည်း လမ်းပန်းဆက်သွယ်ရေးက ဒီဘက်ကအေးအေးချမ်းချမ်းရှိတယ်။ သွားလာလို့ရတယ်။ အခုဆိုလည်း သွားလာနေကြတာ ရှိတဲ့အခါကျတော့ လက်ရှိအပေါ်မှာ လုပ်လိုက်တဲ့အခါမျိုးကျတော့ ပိုပြီးတော့ ဆွဲဆောင်မှု ပိုရှိတာပေါ့။ ခရီးသွားလုပ်ငန်းအတွက် အကျိုးကျေးဇူးတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ကမ်းခြေစီးပွားရေးနှင့်အပန်းဖြေစင်တာ(Ngwe Saung Square)ကို ညဈေးတန်းကဲ့သို့ ပြုလုပ်မှာဖြစ်ပြီး ဆိုင်ခန်းများကို ရောင်းချသွားမည်မဟုတ်ဘဲ ငှားရမ်းသွားမည်ဖြစ်ကြောင်းနှင့် ဖွင့်လှစ်မည့်အချိန်နှင့်နာရီကို စီမံကိန်းပြီးစီးမည့် ဧပြီလမှသာ ကြေညာသတ်မှတ်မည်ဖြစ်ကြောင်း တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီ ထံမှ သိရသည်။