CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်/ကျပ် တိုက်ရိုက် ကုန်သွယ်ခြင်းအား မပြုလုပ်သေးသော်လည်း  မြန်မာကျပ် ၁၀၀၀၀(တစ်သောင်း)နှင့်ညီမျှသည့် ယွမ်ငွေအကောင့် ဖွင့်ခွင့်ပြုထားသလို နယ်စပ်ဒေသ၌ မကြာခင် ယွမ်/ကျပ် တိုက်ရိုက် ကုန်သွယ်မှု စတင်နိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။

ယွမ်ငွေအကောင့် ဖွင့်ခြင်းအား မူဆယ် ကုန်သွယ်ရေးဇုန်ဒေသရှိ မြန်မာ့စီးပွားရေးဘဏ်မှ နယ်စပ်ကုန်သွယ်ရေးတွင် အဆင် ပြေစေရန် ကနဦး လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အကောင့်တွေဖွင့်တာက ဘာမှပြဿနာမရှိပါဘူး။ ဖွင့်ချင်တဲ့ သူများတယ်။ တရုတ်နဲ့ အလုပ်လုပ်ရတဲ့ ကုမ္ပဏီတွေမှန်သမျှ ဖွင့်ပါတယ်။ လုပ်တော့လုပ်မှာ ဒီနှစ်မှာလုပ်မှာ တရုတ်နှစ်သစ် ကူး အခမ်းအနား ပြုနေတာနဲ့။ ရန်ကုန်သမားတွေကတော့ လုပ်နေပြီ။ မူဆယ်သမားတွေက လောလောဆယ် မလုပ်သေးတာ အဝင်၊အထွက်တွေ ကျပ်နေတာနဲ့”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု၏ အရောင်းအဝယ်ပိုင်း၌ ယွမ်/ကျပ် အသုံးပြုမှုမရှိသေးသော်လည်း အခွန်ဆောင်ရာမှာ ဒေါ်လာအစား ယွမ်ဖြင့်သာ‌ အခွန်ဆောင်ရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရန် အတွက် ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက် ပေးချေခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံနယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့်ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ရန် Bank of China – BOC (Hong Kong) ရန်ကုန်ရုံးခွဲနှင့် Industrial and Commercial Bank of China (Yangon Branch) တို့ကို ရွေးချယ်ထားကြောင်း သိရသည်။

ယွမ်/ကျပ် တိုက်ရိုက် ကုန်သွယ်သည့်အခါတွင် ကုန်တင်ကားများအား ကိုဗစ်အကြောင်းပြပြီး စည်းကမ်းတင်းကျပ်နေမည်ဆို ပါက အချိန်ကြန့်ကြာ၍ အဆင်မပြေနိုင်ကြောင်း ဝမ်တိန်ရောက်ဂိတ်မှူး ကိုအောင်ရဲကျော်က ပြောသည်။

၎င်းက “အမှန်ဆိုရင် ဖြစ်သင့်တာက တို့ တရုတ်ဆီက ပစ္စည်းတစ်ခု ဝယ်လိုက်တယ်။ တရုတ်ကို တရားဝင် ဂျူတီဆောင်ပြီးမှ သွားတာပဲလေ။ ဆောင်လို့ရပြီ ခွင့်ပြုချက်ရပြီဆို ထုတ်ပေးရတော့မှာ ဒီကားတွေက။  အခုက အဲ့လိုမဟုတ်ပဲနဲ့ ကြားထဲမှာက ဒီကားထွက်ဖို့ အရေးကိုပဲ ဆေးဖြန်းကွင်း ဝင်ရတာတွေ၊ A ဇုန်ဝင်ရတာတွေ၊ B ဇုန်ဝင်ရတာတွေ။ အဲ့ဇုန်တွေ ထဲဝင်ရဖို့က လည်း ဟိုလူ့ပြောရ ဒီလူ့ပြောရတယ်။ စာရွက်စာတမ်းတွေ ထပ်လုပ်ရတယ်။ အဓိကက ကုန်သွယ်ရေးလုပ်တာ ကုန်ပစ္စည်းကို လုပ်တာလေ။ ကားအဝင်အထွက်ကို လုပ်နေတာမဟုတ်ဘူး။ အဲ့တော့ ဒီဥစ္စာကြီးက အဆင်ပြေနေပေမယ့်လည်း ကားတွေကို လုပ်ထားရင် သူ့ဟာသူ ယွမ်/ကျပ်မကလို့ ဘာပဲတိုက်ရိုက်ပဲ ဖြစ်နေဖြစ်နေ ကြားထဲမှာ ကြန့်ကြာမှုတွေရှိလာလို့ရှိရင် ဒါတွေက အဆင်မပြေ ဖြစ်လာမှာပဲ”ဟု CNI သို့ ပြောသည်။

ယခင်က နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၌ ကုန်သွယ်ဖက်နိုင်ငံ၏ သုံးငွေကို အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရသလို မြန်မာကျပ်ငွေကိုလည်း ဒေါ်လာနှင့် လဲလှယ်မှု ပြုလုပ်ပြီးမှသာ ငွေပေးချေရေး လုပ်ငန်းများကို ဆောင်ရွက်ရခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် တရုတ်ယွမ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက် ပေးချေခွင့်ရသည့်အတွက် ဒေါ်လာဖြင့် အခွန်ဆောင်စရာ မလို တော့သည့်အတွက် ကုန်သည်များအတွက် ကုန်ကျစရိတ်သက်သာကြောင်း သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု၌ ခေါက်တိုကား ငှားရမ်းရခက်သည့် ပြဿနာမှာ ကြီးမားနေကြောင်း ကုန်သည်များ ထံက သိရသည်။