CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးလုပ်နေသော ကုန်ကားသမားများသည် ကိုဗစ် ထိန်းချုပ်ရေး လုပ်ငန်းဆောင် ဆောင်ရွက်နေသည့် ယခုကာလ၌ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုန်ကားသမားများထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ကုန်ကားသမားများကို ကွာရတင်း(Q Center)သဘောဖြင့် အဆောင်များ ပြုလုပ်ပေးထားသော နေရာသည် သမံတလင်းဖြစ်နေခြင်းကြောင့် နေထိုင်ရန် အဆင်မပြေကြောင်း ကုန်ကားသမားဖြစ်သူ ကိုသော်တာအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့က အဆောင်လေးတွေ ဆောက်ပေးထားတယ်။ ပြီးတော့ တောထဲမှာနေသလို မိုးကာတွေ မိုးပေးထားပြီး တစ်ခန်းကို ၃-၄ ယောက်လောက်နေဖို့ အခန်းတွေ ကန့်ပေးထားတယ်။ အောက်က သမံတလင်းဆိုတော့ အထပ်သားတော့ ခံထားပေးတယ်။ အရင်ရက်ကဆို အသိထဲကပဲ အအေးပတ်ပြီး ဆုံးသွားတယ်” ဟု ပြောသည်။

လက်ရှိ နေထိုင်နေရသည့် နေရာသည် သမံတလင်းပေါ် သုံးထပ်ပြားများခင်း၍ အိပ်နေရသည့်အပြင် ရာသီဥတု အအေးဒဏ် ကြောင့် ကုန်ကားသမားများအနေဖြင့် ကိုက်ခဲခြင်း၊ အကြောများ ထုံထိုင်းခြင်းများကိုလည်း မကြာခဏ ခံစားရကြောင်း သိရ သည်။

ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းတွင် ကုန်ကားသမားတစ်ဦး အအေးပတ်သည့် ဝေဒနာ ခံစားရကာ ဆေးရုံသို့သွားရန် အချိန် နောက်ကျမှုကြောင့် အသက်သေဆုံးသွားကြောင်း၊ ကုန်ကားသမားများက ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိနေကြောင်း၊ ထပ်မံမဖြစ်ပွားရန်အတွက် သုံးထပ်ပြားဖြင့်မဟုတ်ဘဲ ကုတင်များဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ကုန်ကား သမား တစ်ဦးဖြစ်သည့် ကိုရှမ်းကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ဒီလိုမျိုးပဲ ကိုယ့်ဘာသာ နွေးနွေးထွေးထွေးဖြစ်အောင် နေရတာပါပဲ။ သူတို့ပေးထား တာတွေက မပြည့်စုံဘူး။ ကျနော်တို့ အများကြီးသယ်လို့ အဆင်မပြေဘူး ပစ္စည်းတွေက။ ကိုယ့်စောင် တစ်ထည်နှစ်ထည်နဲ့ အိပ်ယာအခင်းလေး တစ်ထည်လောက်ပဲ ယူရတာ။ ကျနော်တို့ကို အိပ်ယာခင်းပေးတာတို့ ကောင်းကောင်း လုပ်ပေးရင်တော့ အဆင်ပြေတာပေါ့ ကုတင်နဲ့ဆိုရင်။ အခုက သမံတလင်းပေါ်မှာ ငါးထပ်သားကြီး ခင်းထားတော့ ကျနော်တို့ ကျန်းမာရေး အတွက် စိုးရိမ်ရတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်သွားသည့်အချိန်တွင် ယင်းအခက်အခဲမရှိကြောင်း မြန်မာနိုင်ငံဘက်တွင်သာ ရှိကြောင်း သိရသည်။

ကုန်ကားသမားများ နေထိုင်နေရသည့် ကန်ပိုက်တီကားဝင်းတွင် ကားသမား စုစုပေါင်း ၁၀၀ ကျော်ရှိနေပြီး အဆောင်၏ အခန်းတစ်ခန်းတွင် ၃ ဦး သတ်မှတ်ပေးထားသော်လည်း ကုန်ကားများ စုပြုံချိန်တွင် ၅ ဦး၊ ၆ ဦး ပေါင်း၍ နေထိုင်ရကြောင်း သိရသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်လိုက်သည့် ဒီဇင်ဘာ ၁၇ ရက်မှစ၍ ယနေ့အချိန်ထိ ထိုနေရာတွင် ကိုဗစ်ကူးစက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များက ကုန်ကားသမားများကို ကန့်သတ်ချက်များ မရှိသော်လည်း လက်ရှိတွင် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး အတွက် ကန်ပိုက်တီ ကားဝင်း၌ ကားသမားများကို ကွာရတင်းသဘောမျိုး ထားရှိကြောင်း၊ ထိုနေရာကို သံဆူးကြိုးများဖြင့် ခတ်ထားပြီး ပြည်သူ့စစ်များက စောင့်ကြပ်နေကြောင်း၊ အရေးပေါ်ကိစ္စရှိပါက သို့မဟုတ် ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာပါ က ပြည်သူ့စစ်များကို အကြောင်းကြား၍ သွားလာနိုင်ကြောင်း၊ စားသောက်ရာမှာ ဖုန်းဆက် မှာယူရကြောင်း ကုန်ကားသမား များက ပြောသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ကန်ပိုက်တီဂိတ်မှ တစ်ရက်လျှင် ငှက်ပျောကား အစီးရေ ၁၀၀ နီးပါး တင်ပို့ခွင့်ရ