CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

မီးသုံးစွဲမှုများသော အိမ်ထောင်စုများအနေဖြင့် မလိုအပ်သော နေရာများရှိ မီးခလုတ်များကို ပိတ်ထားခြင်းဖြင့် မီတာခ ပေးချေ ရမှုများ လျော့နည်း သက်သာစေမည်ဖြစ်သလို မဂ္ဂါဝပ်လျော့နည်း၍ မီးပြတ်လပ်နေမှုများကိုလည်း ပြန်လည် ဖြည့်တင်းနိုင် မည် ဖြစ်သည့်အတွက် ပြည်သူများ လျှပ်စစ်မီး လျှော့သုံးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (ဇန်နဝါရီ ၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မီးသုံးစွဲမှုများသော အိမ်ထောင်စုများအနေဖြင့် မလိုအပ်သော နေရာများရှိ မီးခလုတ်များကို ပိတ် ထားခြင်းဖြင့် အိမ်ထောင်စု (၁)စုလျှင် (၁၀၀)ဝပ်ခန့် ချွေတာသုံးစွဲပါက အိမ်ထောင်စု ၃ သန်းအတွက် ၃၀၀ မဂ္ဂါဝပ်ခန့် သက် သာမည်ဖြစ်သဖြင့် စုစုပေါင်း ၄၃၂ မဂ္ဂါဝပ်ခန့် လျော့နည်းစေမှုအား ပြန်လည်ဖြည့်တင်း အစားထိုးပေးနိုင်သည့်အပြင် အိမ် ထောင်စု ၁ စုချင်းစီ ၏ လျှပ်စစ်မီတာခပေးချေရမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိမ်ရှင်မ တစ်ဦးက “မီးလျော့သုံးခိုင်းတာက ပြောမယ်ဆို မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အရင်ဆုံး ပြောတဲ့ အစု အဖွဲ့က မိသားစုတွေပဲ အရင်လျော့သုံးခိုင်းကြည့်ပါအုံး။ ကျမတို့က အောက်ခြေလူတန်းစား မီးသုံးလည်း အိမ်မှာ မီးဘယ်နှခုမှ မသုံးနိုင်ဘူး။ သူများတွေလို အိမ်တစ်အိမ်မှာ ဆင်ထားလိုက်တဲ့ မီးဆိုင်းတွေ၊ မီးလုံးတွေလည်း မရှိပါဘူး။သူတို့ပဲ လျှပ်စစ်ကား တွေထုတ်မယ်လို့လည်း ပြောထားတာပဲ အခု မီးလျှော့သုံးခိုင်းတာကြတော့ တစ်မျိုးကြီးပဲ”ဟု ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ပုံမှန်အချိန်တွင် အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ်ခန့်ရှိသော် လည်း လက်ရှိ အချိန်တွင် ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့် မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့် မြင့်တက်လာခြင်းကြောင့် ရပ်တန့်ထားရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့နောက် ရတနာကမ်းလန် ဓာတ်ငွေ့စီမံကိန်းမှ စဉ်ဆက်မပြတ် ဓာတ်ငွေ့ထုတ်လုပ်နိုင်ရန် နှစ်စဉ် ပုံမှန်ထိန်းသိမ်း ပြုပြင်မှု လုပ်ငန်းစဉ်များကို ယခင်နှစ်များကဲ့သို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်အထိ ဆောင်ရွက်ခဲ့ ရသဖြင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၅၄၀ မဂ္ဂါဝပ်ခန့်လျော့နည်းနေခြင်း၊ ဘီလူးချောင်းရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များကို ဖျက်ဆီးသူများ၏ အကြိမ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား ၁၈၀ မဂ္ဂါဝပ်ခန့်ကို အသီးသီးလျော့နည်းလျက်ရှိပါသည်ဟုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။