၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လွိုင်မွေဒေသရှိ ချယ်ရီပန်းပွင့်ချိန်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်း စောင့် ရှောက်နိုင်ရန် ရည်ရွယ်၍ ချယ်ရီပန်းပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ၌ ဆောင်ရွက်မည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုူဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လွယ်မွေဆိုတာက ကျိုင်းတုံရဲ့ အရှေ့ဘက် ၁၄ မိုင် ဝေးတယ်ပေါ့နော်။ အဲ ၁၄ မိုင်ကနေပြီးတော့မှ အရင် အင်္ဂလိပ် တွေ လက်ထက်က စိုက်ခဲ့တဲ့ ချယ်ရီပင်တွေလည်း ရှိတယ်။ နောက် ခေတ်အဆက်ဆက် စိုက်ခဲ့တဲ့ အပင်တွေလည်း ရှိတယ်။ အဲဒီ ချယ်ရီပင်တွေကို အခုချိန်က ချယ်ရီပွင့်တဲ့ အချိန်ပေါ့နော်၊ ပွင့်တဲ့အချိန်ကို ပွဲတော်တစ်ရပ်အနေနဲ့ လာကြည့်လို့ရအောင် လုပ်တာပေါ့နော်။ ခါတိုင်းနှစ်တွေလည်း ဒီပတ်ဝန်းကျင်က ဒေသခံတွေ လာကြည့်ပါတယ်။ ဒါပေမယ့် မြန်မာပြည် တစ်ပြည် လုံးကလူတွေ မသိဘူးပေါ့နော်။ မသိတဲ့အခါကျတော့ မြန်မာတစ်ပြည်လုံးကလူတွေ လာပြီးတော့ ကြည့်လို့ရအောင် ပွဲတော် အနေနဲ့ ကျင်းပပေးတာ။ ဒါကတော့ ဒီနှစ်ပေါ့။ လာမယ့်နှစ်မှာ တကယ်လို့ နိုင်ငံတကာ ခရီး သွားတွေ ကျိုင်းတုံဘက်လာရင် ဒီပွဲတော်ကို ဆင်နွှဲလို့ရအောင် အဲဒီရည်ရွယ်ချက်တွေနဲ့ ကျင်းပတာပေါ့။ ဇန်နဝါရီ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ လာမယ့် နှစ်တွေမှာလည်း တစ်လပိုင်းမှာ လုပ်ပါမယ်။ ဒါပေမယ့် ရက်ကတော့ ချယ်ရီပွင့်တဲ့ အချိန် ပေါ် မူတည်ပြီးတော့ အတိုးလျော့ ရှိမှာပေါ့”ဟု ပြောသည်။

အဆိုပါ ပွဲတော်ကို ယခုနှစ်တွင် ပထမဦးဆုံး ကျင်ပခြင်းဖြစ်ကြောင်း၊ ဖွင့်ပွဲတွင် ရှမ်း၊ လားဟူ၊ အာခါနှင့် ဝ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော် ကျင်းပခြင်းနှင့် ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ကိုစိုင်းသန့်ဇင်လတ်က အစားအသောက် ဆိုင်ခန်းများနှင့် သန့်စင် ခန်းများကို စနစ်တကျ လုပ်ဆောင်ပေးမည်ဆိုပါက ဧည့်သည်များအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ခရီးသွားကို ဆွဲဆောင်တယ်ဆိုတော့လေ။ နောက်ပြီးတော့ စီးပွားရေးလည်း ကောင်းလာမှာပေါ့။ အဲချယ်ရီမြေက ပြီးတော့လည်း တစ်နှစ်တစ်ကြိမ် တစ်လပိုင်းမှာ ပွင့်တဲ့ဟာပေါ့နော့်။ အားပေးရင်တော့ ပိုကောင်းတာပေါ့။ အဓိက အဲဒီမှာ သန့်စင်ခန်း အခက်အခဲ ဖြစ်တယ်။ ဖြစ်စေချင်တာမျိုးတော့ အဲဒီမှာ စား သောက်ဆိုင်မြို့ပေါ်က လူများလာရောင်းရင် စည်းကမ်းနဲ့ စားသောက်ဆိုင်ရောင်းတဲ့ နေရာရောပေါ့။ သွားလည်ရင် အဲအပေါ်မှာ ဘာမှ စား စရာ မရှိဘူး။ ကိုယ်တိုင် အောက်ကနေ ယူတက်သွား။ အဲဒီမှာ စားသောက်ဆိုင်ကို သပ်သပ် လုပ်ပေးပေါ့နော်။ သန့်စင်ခန်းတို့ ဘာတို့ လုပ်ပေးရင်တော့ သွားတဲ့သူက အဆင်ပြေရင်တော့ လာတဲ့သူလည်း များမှာပေါ့နော်” ဟု CNI သို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် နှစ်စဉ် ဒီဇင်ဘာလကုန်ပိုင်းမှ ဇန်နဝါရီလကုန်ပိုင်းအထိ တစ်လကြာ ချယ်ရီပန်းများ ပွင့်လေ့ရှိကြောင်း၊ ထို့နောက် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ဆောင်ရွက်ကြကြောင်း သိရ သည်။

အဆိုပါ ဒေသရှိ ချယ်ရီပင်များသည် နှစ်(၁၀၀)သက်တမ်းရှိ အပင်များလည်း ပါဝင်ကြောင်း၊ ချယ်ရီအပင် အမျိုးအစား နှစ်မျိုး ရှိကြောင်း၊ အခါးမျိုးနှင့် အချိုမျိုးဟူ၍ ဒေသခံများက ခေါ်ဝေါ်ကြကြောင်း၊ ချယ်ရီ အခါးများသည် ဒီဇင်ဘာလကုန်မှ ဇန်နဝါရီ လလယ်အထိ ပွင့်ပြီး ထို့နောက်တွင် ချယ်ရီအချိုပန်းပွင့်ကြောင်း သိရသည်။