၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄

တရုတ်သို့ ဖရဲသီးတင်ပို့ရန် မြန်မာဘက်ခြမ်း၌ ကားအပြောင်းအလဲပြုလုပ်ရာတွင် နေရာအခက်အခဲရှိသည့် အတွက် အချိန်ကြန့်ကြာကာ စောင့်ဆိုင်းနေရသည့် ဖရဲကားများမှ ဖရဲသီးများမှာ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ကုန်သည်များထံက သိရသည်။

ကားပြောင်းလဲကွင်းအဖြစ် တာဝန်ယူထားသည့် ရွှေလွယ်အင် ကားကွင်းသည် ၂ ဧကဝန်းကျင်သာရှိပြီး အခြား သော ပစ္စည်းများလည်း ထိုကွင်းတွင်ရှိသည့်အတွက် နေရာအခက်ခဲကြောင့် တစ်ရက်ကို ဖရဲကား အစီးရေ ၃၀ ဝန်းကျင်လောက်သာ တင်ပို့ရကြောင်း မူဆယ် ၁၀၅ မိုင်ရှိ အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ကိုအောင်ဆက်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုအောင်ဆက်နိုင်က “တကယ်စားသုံးသူရဲ့လက်ထဲကိုအသီးတွေရောက်တဲ့အချိန်က ကြာမြင့်ချိန်က လမ်းမှာ ၅ ရက်ပေါ့။ ကျနော်တို့က တစ်ပတ်လောက်အထိပဲ တွက်ထားတာ။ တစ်ပတ်ကျော်ပြီဆိုလို့ရှိရင် ဖရဲရဲ့ အရည် အသွေးက ကျပြီ။ ကျလို့ရှိရင် တရုတ်ဘက်မှာလည်း ဈေးကွက်ကပျက်သွားမှာပေါ့။ အခုလက်ရှိမှာကျတော့ ကျနော့်ကွင်းထဲက ကားတွေကလည်း အနည်းဆုံး ၁၀ ရက်နဲ့ အထက်ကြာတယ်။ ကြာတော့ ဆောင်းတွင်းဖြစ်တဲ့ အတွက်ကြောင့် ညဘက်ဆိုရင် နှင်းရဲ့ဒဏ်ခံရတယ်။ နေ့ဘက်ဆိုရင် နေပူတဲ့ဒဏ်ခံရတယ်။ ပြီးတော့ တခါ နယ်စပ်ကွင်းထဲမှ တဆင့် ထပ်ပြီး ၂ ရက် ၃ ရက်ထပ်ကြာတော့ ဈေးကွက်ထဲရောက်တဲ့အချိန်မှာ အသီးက ၂ ပတ် လောက် ဖြစ်သွားပြီ။ အရည်အသွေး ဘယ်လိုမှကောင်းဖို့ အလားအလာမရှိဘူး” ဟု သူက ဆိုသည်။

ယခင် ပုံမှန်ကုန်သွယ်သည့်ကာလတွင် တစ်ရက်လျှင် အစီးရေ ၃၀၀ ခန့်အထိ ဝင်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်သို့ ဖရဲတင်ပို့ရာတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က တောင်သူနှင့် ကုန်သည်များအရှုံးပေါ်ခဲ့ပြီး လက်ရှိတွင်လည်း ယခင်ထက် ဆုံးရှုံးမှုမှာ ပိုဆိုးနိုင်ကြောင်းနှင့် ယခုအခြေအနေမျိုးသာ ဆက်ဖြစ်နေပါက ဖရဲ ဆောင်းသီးစိုက်ပျိုးမှု နည်းနိုင်ကြောင်း ကိုအောင်ဆက်နိုင်က ပြောသည်။

လက်ရှိတွင် တရုတ်သို့တင်ပို့ရာတွင် အရှုံးပေါ်ခဲ့သည့်အတွက် ပြည်တွင်း၌သာ အရောင်းအဝယ်လုပ်နေကြောင်း ဖရဲစိုက်တောင်သူ ကိုစည်သူအောင်က CNI သို့ ပြောသည်။

“ကျနော်တို့ ပထမတခေါက်တုန်းက အများကြီးပျက်သွားတာ။ အရင်းတောင်ကျနော်တို့ ပြန်မရလိုက်ဘူး။ ကျနော် လည်း နောက်တစ်ခေါက်တွေကျ မလုပ်ရဲတော့တာနဲ့ ဒီဘက်မှာပဲ ကိုယ့်ဟာနဲ့ကိုယ်။ တရုတ်ပြည်မှာရောင်းခဲ့လို့ ရလို့ရှိရင် ၁၀၀ ‌လောက် ၂၀၀လောက်ရခဲ့လို့ရှိရင် ဒီဘက်မှာတော့ အနည်းဆုံးမရဘူးဆို ၂၀၊ ၃၀ လောက်ရတာပေါ့။ ကံစမ်းရတာပေါ့ဗျာ တောင်သူသမားကတော့။ ကံကောင်းလို့ သူတို့ရောင်းကွင်းထဲ ‌ရောက်သွားလို့ရှိရင်တော့ ဈေးကောင်းရတယ်လို့ ပြောတယ်” ဟု ဆိုသည်။

လက်ရှိတွင် အရည်အသွေးကောင်းသည့် အသီးများကိုသာ တင်ပို့လျက်ရှိပြီး အရည်အသွေးမရှိတော့သည့် အသီးများ တရုတ်သို့ ရောက်ရှိပါက ဈေးကွက်ပျက်သွားနိုင်သည့်အတွက် ၎င်းအသီးများအား မတင်ပို့ကြကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

တရုတ်ဘက်တွင် ဖရဲဝယ်လိုအားမှာများနေကာ အရည်အသွေးကောင်းမွန်သည့်အသီးများသည် တစ်တန်လျှင် တရုတ်ငွေ ယွမ် ၅၀၀၀၊ ၆၀၀၀ ခန့်ဈေးရကြောင်း သိရသည်။