ပုံမှန် ကြံကြိတ်ရာသီများတွင် ပြည်တွင်းသကြားဈေးနှုန်း ကျဆင်းခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ ပြည်တွင်းသကြားဈေး နှုန်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးကောင်းရနေကြောင်း မြန်မာနိုင်ငံ ကြံသကြားလုပ်ငန်းရှင်များထံမှ သိရသည်။

ဒေါ်လာဈေး မြင့်တက်နေမှုနှင့် ကမ္ဘာ့သကြားဈေးနှုန်း မြင့်မားနေမှုကြောင့် ပြည်တွင်းသကြားဈေး ကောင်းမွန်နေခြင်း ဖြစ် သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက CNI သို့ ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - -  -- ပြည်တွင်းသကြားဈေးများ စံချိန်တင်မြင့်တက်

၎င်းက “အခု ဒေါ်လာပေါက်ဈေး၊ နောက်တစ်ခုက အဲဒီအပေါ်မှာပဲ အခု ကြံဝယ်ဈေး၊ နောက် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ဒါတွေအပေါ်မှာ တွက်ချက်ပြီးတော့ ဈေးမြင့်သွားတဲ့အပိုင်းပါ။ ဘာပဲပြောပြော ဒေါ်လာဈေးနဲ့ ပြန်တွက်ရင်တော့ တခြားနိုင်ငံ က ဈေးနဲ့တော့ သိပ်မကွာဘူးလို့ ပြောလို့ရတာပေါ့။ ကမ္ဘာ့ရဲ့ ပေါက်ဈေးကလည်း အရင်နှစ်က ထက်စာရင် တက်ထားတာကိုး။ အဲတော့ သူများနိုင်ငံတွေ တက်သလိုပဲ ဒီမှာလည်း တက်လာတဲ့ သဘောပါပဲ”ဟု ပြောသည်။

ပြီးခဲ့တဲ့နှစ်တွင် ပြည်တွင်းသကြားစျေး တစ်ပိဿာကို ကျပ် ၉၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ၌ သကြားစျေး တစ်ပိဿာကို ၁၈၀၀ ကျပ် ဝန်းကျင်ထိ ဈေးရရှိနေသည်။ 

မြန်မာနိုင်ငံရှိ လုပ်ငန်းသုံးအတွက် သကြားများကို ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့ထံကနေ တင်သွင်းနေသော်လည်း ထိုင်းနယ်စပ် ကနေ ပြည်တွင်းသို့ တရားမ၀င် ဝင်ရောက်လာသည့် သကြားများကြောင့် ပြည်တွင်းသကြား ထုတ်လုပ်သည့် လုပ်ငန်းနှင့် ကြံစိုက်တောင်သူများအပေါ် ထိခိုက်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - -  --  ကြံတစ်တန် ကျပ် ၆၀၀၀၀ ဖြင့် ဂရိတ်ဝေါ(လ်)က ပေးဝယ်မည်

ထို့ကြောင့် တရားမဝင် ဝင်ရောက်နေသည့် သကြားဈေးကွက်ကို တားဆီးပေးနိုင်ပါက မြန်မာနိုင်ငံ၏ သကြားဈေးကွက် တည်ငြိမ်မည်ဖြစ်ကြောင်း ဦးဝင်းဌေးက ပြောသည်။

၎င်းက “မှောင်ခိုတွေ ဝင်လာတာတွေ့ ရှိတာပေါ့ မြဝတီကနေ။ ဒါပေမယ့် ဒါမျိုးတွေ မဝင်အောင်တော့ တရားမဝင် ကုန်ပစ္စည်း တားဆီးရေးကနေပြီးတော့ တားဆီးပေးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ကြံသကြားလုပ်ငန်းက ပိုပြီး တည်ငြိမ်တာပေါ့နော်” ဟု ပြောသည်။

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး လက်ရှိ တရုတ်နိုင်ငံ နယ်စပ်ဂိတ်တချို့ ပိတ်ထားမှုကြောင့် တရုတ်နိုင်ငံကို သကြားတင်ပို့မှု မရှိတော့ဘဲ ကြံကိုသာ တင်ပို့နေရကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - -  -- ကြံများအားလုံး တရုတ်သို့ တင်ပို့ခွင့်မရပါက ပြည်တွင်းကို ရောင်းချရန် အခက်အခဲရှိ

လက်ရှိတွင် မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုသာ တင်ပို့နေရကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁၆၀၀၀၀ (တစ်သိန်းခြောက်သောင်း)ဖြင့် စံချိန်တင် ဝယ်ယူခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဗီယက်နမ်နိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိထား၍ တင်ပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းတွင် သကြားစက်ရုံများမှ သကြားထုတ်လုပ်မှု များပြားနေခြင်းနှင့် ဒေါ်လာဈေး မြင့်မားနေခြင်းကြောင့် သကြားဈေးကွက်အခြေအနေ အတက်အကျ အနည်းငယ်သာရှိနိုင်ပြီး တည်ငြိမ်နိုင်ကြောင်း သကြားလုပ်ငန်းရှင်များက သုံးသပ် ထားကြသည်။