၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းအား ယာယီကန့်သတ်ခြင်းဆိုင်ရာ သက်ရောက်ကာလကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း နစက-က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကန့်သတ်ချက် တိုးမြင့်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လိုသည့် နိုင်ငံခြားသား ခရီးသွားများနှင့် မြန်မာ့ ခရီးသွားလုပ်ငန်းများအတွက် မျှော်လင့်ချက် ကင်းမဲ့သွားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု လောလောဆယ်ကတော့ ကျနော်တို့ မြန်မာနိင်ငံကို လာနေတာက အပန်းဖြေ ခရီးသည် မဟုတ်ဘူးပေါ့နော်။ စီးပွားရေးကိစ္စနဲ့ လာကြတဲ့ ခရီးသည်တွေ များတယ်။ စီးပွားရေးနဲ့ ခရီးသည်တွေ လာဖို့ရှိတယ်။ သံရုံးတွေ ဘာတွေနဲ့ ပတ် သက်ပြီးတော့ ဖွင့်လို့ရှိရင် ပြောပေးပါဆိုပြီးတော့ တင်ထားကြတဲ့သူတွေလည်း ရှိတယ်။ အဲဒီခရီးသွားတွေ အတွက်ကတော့ နည်းနည်း စိတ်ပျက်စရာ ဖြစ်သွားတာပေါ့နော်။ ကျနော်တို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အနေနဲ့လည်း ပြန်ဖွင့်ဖို့ ကြိုး ပမ်း နေပေမယ့်လည်း အခုလိုမျိုးလေး တစ်လဆုတ်၊ တစ်လဆုတ် ဆိုတာက သူတို့အတွက်လည်း အခက်အခဲ ဖြစ်စေတယ်။ ကျနော်တို့ ခရီးသွားကဏ္ဍအတွက်လည်း မျှော်လင့်ချက် မဲ့စေတာပေါ့နော်”ဟု ပြော သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်ပနိုင်ငံခြား ခရီးသွားများ ဝင်ရောက်ခွင့် ယာယီရပ်ဆိုင်းခြင်းကို ၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကန့် သတ် ထားခြင်းဖြစ်ပြီး ယခုတွင် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှ တစ်နှစ်လျှင် ၄ သန်းနီးပါး ရှိသည့်အတွက် လက်ရှိအချိန်၌ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု မရှိသည့်အတွက် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ နစ်နာမှုရှိနေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ပုံ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air Indian လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကိုတွေ့ရစဉ်။ Photo - CNI

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျံသန်းပြေးဆွဲနေသည့် ကယ်ဆယ်ရေးလေယာဉ်များသည် ခရီးသွား လုပ်ငန်း များအတွက် သက်ရောက်မှု မရှိခြင်းကြောင့် ခရီးသည်တင် လေကြောင်းလိုင်းများကို ပျံသန်းပြေးဆွဲ ပေးစေလိုကြောင်း ဦးနောင်းနောင်းဟန်က ဆက်ပြောသည်။

၎င်းက “နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုက ပြန်ဆွဲဖို့ ပြင်နေကြတယ်။ ပြင်နေပြီးတော့ပေါ့နော်၊ ဒီဇန်နဝါရီထဲမှာ လေ ကြောင်းလိုင်းတွေ၊ ခရီးစဉ်တွေ သူတို့ ပြန်ဖွင့်တယ်ဗျ။ သူတို့ရဲ့ စနစ်ထဲမှာပေါ့နော်။ ဒီအပေါ်မှာ ခရီးသွားချင်တဲ့ သူတွေ တော် တော်လေး များတယ်ပေါ့နော်။ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ပြီ သွားလို့ရပြီဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါပေမယ့်လည်း အခု နောက် ဆုံး ပြန်ပြီး ပိတ်သွားတယ်။ ဒီလိုမျိုး ဖြစ်တဲ့အတွက် ကျနော်တို့ ခရီးသွားအတွက်ကတော့ နည်းနည်းပိုပြီး အခက်အခဲ ဖြစ်သွား မှာပေါ့။ ဒါပေမယ့် အခုလောလော ဆယ် ပျံသန်းနေတဲ့ Relief Flight နဲ့က နိုင်ငံတကာကို ခရီးသွားဖို့ဆိုတာ တကယ် မလွယ် ဘူး ပေါ့နော်။ ဒါကြောင့်မို့လို့ Commercial Flight တွေ ပြန်ထွက်ဖို့ကို ကျနော်တို့လည်း မျှော်လင့်နေတယ်။ အစိုးရဘက် ကို လည်း ကျနော်တို့ ထောက်ပြပြီး ပြောဆိုနေပါတယ်”ဟု CNI သို့ ပြောသည်။

လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှု ကန့်သတ်ခြင်းနှင့် ပတ်သက်၍ ပြည်ပမှ ဝင်ရောက်လာနိုင်သော ကိုဗစ်ရောဂါပိုး မျိုးကွဲ သစ်ဖြစ်သည့် အိုမိုက်ခရွန် အပါအဝင် ကိုဗစ်ရောဂါ ကူးစက်မှုအန္တရာယ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဇန်နဝါရီ ၁ ရက် နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် လေကြောင်းခရီးစဉ်များအား ယာယီ ကန့်သတ် ရပ်ဆိုင်း ခြင်းအား ထပ်မံတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ဦး၏ ဓာတ်ခွဲ နမူနာများတွင် အိုမိုက်ခရွန် ရောဂါပိုး တွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း ကိုဗစ်ပိုးတွေ့ရှိ မှု ရာခိုင်နှုန်း အနေနှင့် ၃ ဒသမ ၂၂ ကို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။