၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ ယခုနှစ် ပို့ကုန်တင်ပို့မှု တန်ဖိုးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် ထက်ဝက် ကျော် လျော့ကျကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၂ သန်း ကျော် ရှိခဲ့ရာမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်သာ ရှိသည်။

ထို့အတူ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရှိခဲ့သော် လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ သန်းကျော်သာရှိကြောင်း၊ ပို့ကုန်တင်မှု နည်းသွားရခြင်းသည် ကုန်သွယ်မှု၌ အခက်အခဲ ရှိသည့်အတွက်ကြောင့် ဖြစ်သည်ဟု မောင်တောကုန်သည် ဦးသန်းနိုင်က CNI သို့ ပြောသည်။

မောင်တောကုန်သည် ဦးသန်းနိုင်က “အခက်အခဲနှစ်ခုရှိတယ်။ အဓိကက ဘင်္ဂလားဘက်က မြန်မာဘက်ကဝင်လာတဲ့ ကုန်တွေကို နည်းနည်း သူတို့ရဲ့ အခွန်တိုးမြှင့်ပြီး ကောက်တာတွေ ရှိတယ်။ ပြီးရင် ကျနော်တို့ဘက်က လမ်းပန်း ဆက်သွယ် ရေး ဆိုတာက သွားရလာရတာ နည်းနည်း အခက်အခဲလေးတွေ ရှိတယ်။ ကားတွေ အဝင်နည်းသွားတယ်။ စရိတ်စက ပိုကြီး လာ တယ်ပေါ့။ အဓိကကတော့ ဟိုဘက်မှာ ဈေးမရဘူးပေါ့ဗျာ။ ဈေးမရဘူးဆိုတာက သူတို့ရဲ့ပစ္စည်းတွေကို ချပစ်တယ်။ ဒီ ဘက်ကနေ ကြက်သွန် သွားတယ်ထားပါတော့ တစ်ပိဿာကို ၇၀၀ လောက် ကျနေရင် ဘင်္ဂလားမှာ ရတဲ့ဈေးက ၅၀၀ လောက်ပဲရှိတော့ ဒီဘက်ကလူတွေ မပို့နိုင်ဘူးပေါ့”ဟု ပြောသည်။

ပုံ- ရခိုင်နယ်စပ်ကုန်သွယ်ရေးအခြေအနေကိုတွေ့ရစဉ်။

ကိုဗစ်တတိယလှိုင်း ဝင်ရောက်လာမှုကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်း တို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရပြီး သုံးလခန့်အကြာ အောက်တိုဘာလ ၁၃ ရက်တွင်  ပြန်လည် ဖွင့်လှစ် ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ရခိုင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုတန်ဖိုး လျော့ကျသော်လည်း သွင်းကုန်တန်ဖိုးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ထက် များလာကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ သန်း ၃၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ တွင် ဒေါ်လာ သန်း ၆၀၀ ကျော်ရှိခဲ့သည်။

မောင်တောကုန်သည် ဦးသန်းနိုင်က “ကျနော်တို့ဘက်က ပစ္စည်းက သူတို့ဆီကို မပို့မဖြစ် ပို့ရမယ့်ပစ္စည်းတွေ ဖြစ်နေတယ် လေ။ သူတို့ စားသောက်ကုန်ဖြစ်တဲ့ အတွက် ကျနော်တို့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာ အစိုးရဘက်ကနေ ဟိုဘက်နဲ့ G to G ပေါ့ ဗျာ၊ တင်ပို့ရေးကိစ္စလေးတွေ အခွန် အခ ကိစ္စလေးတွေကို ဒီဘက်က သွင်းတဲ့ဟာတွေကို ဖြေလျှော့ပေးဖို့ ဆွေး နွေးသင့်တယ် လို့ ထင်ပါတယ်။ အဓိက အဲ့ကိစ္စ ကတော့ တော်တော်လေး အရေးကြီးပါတယ်”ဟု CNI သို့ ပြောသည်။

ရခိုင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ ကြက်သွန်၊ ငါးခြောက်၊ ကွမ်းသီး၊ ဇီးယို၊ ကွေကာအုပ်၊ မကျည်းသီး၊ မကျည်းစေ့၊ သနပ်ခါး၊ အထည်အလိပ်၊ ခေါက်ဆွဲ၊ အလှကုန် ပစ္စည်းများနှင့် ဖိနပ်များဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွင်းကုန်များမှာ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြောင်း သိရသည်။