CNI International News

ဟနွိုင်၊ ဇန်နဝါရီ ၂

ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနသည် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကွမ်းစီ(Guangxi) ဒေသအာဏာပိုင်များကို တိုက်တွန်းလိုက်ကြောင်း၊ Covid-19 မူဝါဒများကြောင့် ထောက်ပံ့ရေး ကွင်းဆက် အဟန့်အတားလျော့ပါးစေရန် အကောက်ခွန် ရှင်းလင်းလုပ်ဆောင်သည့်အချိန်ကာလ တိုးမြှင့်ထားကြောင်း VnExpress သတင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကပ်ရောဂါဆိုင်ရာ အစီအမံများသည် နှစ်နိုင်ငံကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုအပေါ် အတားအဆီးဖြစ်ခဲ့ပြီး နှစ်နိုင်ငံလုံးရှိ စီးပွား ရေး လုပ်ငန်းများအတွက် ဆုံးရှုံးမှုများ သိသာထင်ရှားသော ဖြစ်ပေါ်စေခဲ့ကြောင်း ကုန်သွယ်ရေး အရာရှိများက ၎င်းတို့ နှင့် ကုန်သွယ်ဖက် တရုတ်၊ ကွမ်းစီ အာဏာပိုင်များကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း VnExpress က ဆက်လက် ဖော်ပြခဲ့သည်။

ဗီယက်နမ် ကုန်တင်ယာဉ်ပေါင်း ထောင်နှင့်ချီ၍ နယ်စပ်မှာ တစ်လကျော်ကြာ သောင်တင်နေခဲ့သဖြင့် ဗီယက်နမ် နဂါးမောက် သီး တင်သွင်းမှု ရပ်ဆိုင်းထားခြင်းကို ပြန်ဖွင့်ပေးရန် လိုလားကြောင်း အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ကွမ်းစီ ကုန်သွယ်ရေး အရာရှိများကလည်း အကောက်ခွန် ရှင်းလင်းရေးကာလကို တိုးမြှင့်ပြီး အခြားအဆိုပြုချက်များကို နှစ် နိုင်ငံ အဆင့်မြင့် အာဏာပိုင်များ အချင်းချင်း ပေးပို့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဗီယက်နမ်အစိုးရ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်က တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် စီမံခန့်ခွဲရေးနှင့် ကွမ်းစီနှင့် ယူနန်ပြည်နယ် အတွင်းဝန်များထံ ပေးပို့သည့် စာတစ်စောင်ကိုလည်း VnExpress ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားကြောင်း လေ့လာတွေ့ရှိရသည်။  

Source: VnExpress, .bnnbloomberg.ca