၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့အား ပြေးဆွဲနေသည့်ရေယာဉ်ကို ရက်သတ္တပတ်လျှင် တစ် ကြိမ်သာ ပြေးဆွဲနေရာမှ ဇန်နဝါရီလမှ စတင်၍ တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ရေလမ်းကြောင်းကို အင်္ဂါနေ့နှင့် သောကြာနေ့တွင် ပြေးဆွဲပေးရန် လျာထားကြောင်း၊ ဇက်ရေယာဉ်ကို အသုံးပြု၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ဉပဒေချုပ် ဉီးလှသိန်းက “တစ်ပတ်ကို တစ်ရက် သောကြာနေ့ ကျနော်တို့ ပြေးဆွဲတဲ့အခါမှာ လူရော၊ ကုန်ရော တင်ရတာ ကျနော်တို့ တွေ့တယ်။ ပြည်သူရဲ့ အသံကို နားထောင်ကြည့်တော့ တစ်ပတ်ကို တစ်ရက်အစား တစ်ပတ်ကို နှစ် ရက်လောက် ပြေးဆွဲပေးပါပေါ့နော်။ ပြည်သူ့အကျိုးအနေနဲ့ လာမယ့်နှစ် ၂၀၂၂ ဇန်နဝါရီလ ကနေပြီးတော့ တစ်ပတ်ကို နှစ် ကြိမ် အသွားအပြန် နှစ်ကြောင်း ပြေးဆွဲသွားဖို့ ရှိပါတယ်။ ကျောက်တော်ကနေ အတက်ကို အင်္ဂါတစ်ရက်၊ သောကြာ တစ် ရက်ကို ကျနော်တို့ လောလောဆယ် စီစဉ်ထားပါတယ်။ ပြည်သူကိုလည်း ပြေးဆွဲမယ့်ရက် အတိအကျကို ကျနော်တို့ ဒီရက် ပိုင်းမှာ ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ ကျနော်တို့ လောလောဆယ် လျာထားတာကတော့ သောကြာ၊ အင်္ဂါ ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေကြောင်းခရီးစဉ်ကို နိုင်ငံပိုင်ဇက်ရေယာဉ်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က စတင် ပြေးဆွဲ ခဲ့ကြောင်း၊ ကျောက်တော်မှ ထွက်ခွာစဉ် ခရီးသည် ၃ဝ ကျော် လိုက်ပါခဲ့ပြီး ပလက်ဝမှ အပြန်ခရီးတွင် ခရီးသည် ၄၀ ကျော် လိုက်ပါခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်တော်နှင့် ပလက်ဝ ပြေးဆွဲနေသည့် ရေကြောင်းခရီးစည်တွင် ရေယာဉ်စီးနင်းခများကို ခရီးသည် တစ်ဦး လျှင် ငွေကျပ် ၁၈၀၀ ကောက်ခံပြီး ကုန်တစ်တန်လျှင် ၁၁၂၀၀ ကျပ် ကောက်ခံကြောင်း၊ သို့သော် ရေယာဉ်စီးခကို ၁၈၀၀ သတ်မှတ် ထားသော်လည်း လက်တွေ့တွင် ၂၅၀၀ ကျပ် ပေးနေရကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
ရေယာဉ်စီးခများ တိုးမြင့် ကောက်ခံနေမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ယင်းကိစ္စကို စိစစ်၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ဟု ပြောသည်။

ပုံ-ပလက်ဝမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုတွေ့ရစဉ်။

၎င်းက “မြေပြင်အခြေအနေမှာ ကျနော်တို့ရဲ့ အစီအစဉ်ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်တိုင်က ကြီးကြပ်နေတာ ဖြစ်ပါတယ်ခင်ဗျ။ ဒီလို တစ်ဖက်က ပြောနေတဲ့ဟာတွေက ကျနော်တို့ မဟုတ်ဘူးလို့လည်း ပြောလို့မရဘူး။ ကျနော်တို့ အစီ အစဉ် မဟုတ်ဘူးပေါ့နော်။ ဒီလို ဝန်ထမ်းတွေထဲမှာ မဟုတ်ဘဲနဲ့ပေါ့နော်၊ သတ်မှတ်တဲ့ ဈေးနှုန်းတွေထက် ပိုတောင်းတာတွေ ကို ကျနော်တို့က စိစစ်သွားမှာ ဖြစ်ပါတယ်။ တွေ့လို့ရှိရင် ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု CNI သို့ ပြောသည်။

လက်ရှိ ရေကြောင်းခရီးစဉ်ကို သင်္ဘောဖြင့် ပြေးဆွဲပေးနေကြောင်း၊ သို့သော် ယခင်က အသုံးပြုခဲ့သည့် စက်လှေများကိုလည်း ခွင့်ပြုပေးသင့်ကြောင်း ချင်းပြည်နယ် ကုန်သည်ကြီးများအသင်း ဘဏ္ဍာရေးမှူး ဦးခင်အောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ဥပမာ လုပ်မယ်ဆိုလို့ရှိရင် သင်္ဘောကတော့ လူကိုခွင့်ပြု။ နောက်ပြီးတော့ ကုန်စည်စက်လှေတွေကိုလည်း ခွင့်ပြုသင့် တယ်ပေါ့လေ။ စက်လှေတွေကို ခွင့်ပြုရင်တော့ စက်လှေတွေလည်း အလုပ်ရ သွားတာပေါ့လေ။ နောက်ပြီးတော့ ကုန်စည် စီးဆင်းမှုလည်း မြန်ဆန်သွားမှာပေါ့။ နောက်ပြီးတော့လည်း အခုလို ဒုက္ခမရောက်တော့ဘူးပေါ့”ဟု ပြော သည်။

လက်ရှိတွင် ကျောက်တော်-ပလက်ဝ ရေကြောင်းခရီးဖြင့် သွားမည်ဆိုပါက ပလက်ဝဒေသခံများသည် သက်ဆိုင်ရာ အုပ်ချုပ် ရေးမှူးရုံးတွင် ထောက်ခံစာရယူရကြောင်း၊ ထောက်ခံ စာရရန် တင်သည့်အခါမှာတော့ တစ်ပတ်မှ တစ်လအထိ ကြာမြင့် ကြောင်း ပလက်ဝဒေသခံ ဦးကျော်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပထမ တင်ရတာက ငါတို့က ထွေအုပ်ကို တင်ရတယ်။ ထွေအုပ်ကနေတဆင့် တပ်မကို တင်တယ်။ တပ်မက ခွင့်ပြုမှ ရတာလေ။ မှတ်ပုံတင်ကိစ္စက ဒီလို ဒီလိုရှိလို့ ကျန်းမာ ရေး မကောင်းရင် ကျန်းမာရေး။ စစ်တွေမှာ ဆေးကုဖို့၊ ရန်ကုန်မှာ သွား ဖို့ဆိုပြီး တင်ရတယ်။ အဲဒါ တစ်လကြာတဲ့သူလည်း ကြာတယ်။ ချက်ချင်းက အနည်းဆုံးက တစ်ပတ်ပဲ”ဟု ပြောသည်။

ကျောက်တော်-ပလက်ဝ ရေကြောင်းသည် ချင်းပြည်နယ်၊ ပလက်ဝဒေသအတွက် ဆန်၊ ဆီ၊ ဆား အပါအဝင် ကုန်ပစ္စည်း များကို အဓိကထား ဝယ်ယူနေရသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။