၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီဂိတ်မှ တရုတ်ဘက်သို့ တစ်ရက်လျှင် ငှက်ပျောကားအစီးရေ ၁၀၀ နီးပါး တင်ပို့ခွင့်ရကြောင်း ကုန်သည်များထံမှ သိရသည်။
ယခုကဲ့သို့ ကားအစီးအရေ ၁၀၀ နီးပါး တင်ပို့ခွင့်ရသော်လည်း ငှက်ပျောကုန်သည်များအတွက် အဆင်မပြေ ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာရစ်က CNI သတင်းဌာန သို့ ပြောသည်။
ဦးလာရစ်က “အခုပြေးနေတဲ့ဟာကတော့ ၁၀၀ ပေါ့။ အဲ့ဟာက ဘယ်လိုမှအဆင်မပြေဘူး။ တစ်ရက်ကို သုံးလေး ငါးရာလောက် ထွက်နိုင်မှပဲ ဒီဘက်က ငှက်ပျောအတွက် အဆင် ပြေတာပေါ့။ အဲ့ဟာကို အစိုးရဘက်ကလည်း ကားအစီးရေများများကိုပေါ့နော် တင်ပြ စာတင်ပေးရင်တော့ အရမ်းကောင်းတာပေါ့။ အခုက အဲ့လိုမျိုးလည်း မရှိဘူးဆိုတော့ ခက်နေတာပေါ့။ မနှစ်တုန်းကတော့ တစ်ထောင်နီးပါးလောက် ပြေးနေတာ။ တစ်ထောင်လောက် ပြေးနေမှ ကွက်တိဖြစ်တာ။ ဈေးကွက်ကောင်းတာပေါ့(တရုတ်ဘက်မှာ)။ အခုက ကား ၁၀၀ ပဲမို့ ဘယ်လိုမှ အဆင်မပြေလို့ ဒုက္ခရောက်တာပေါ့။ အားလုံးရှုံးတာပေါ့။ ဒီနှစ်ကတော့ အိုးနင်းခွက်နင်းဖြစ်ကုန်တာပေါ့။ အားလုံး ဒီနှစ်ကတော့ ဒေဝါလီခံရမယ့်ပုံစံပဲဖြစ်နေတယ်။ ဒီလိုပဲ ဆက်တိုက်သွားရင်တော့ ဒီဘက်က ကုန်သည်တွေက အားလုံး ဒေဝါလီ ခံရုံပဲရှိတော့တယ်” ဟု ဆိုသည်။
ကန်ပိုက်တီဂိတ်အား ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ စမ်းသပ်ကာလဖြင့် တစ်ရက်လျှင် ကားအစီးရေ ၃၀ သာ တင်ပို့ခွင့်ပြုထားကာ လက်ရှိတွင် အစီးရေ ၁၀၀ နီးပါးခန့် တင်ပို့ခွင့်ရနေခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် တရုတ်ဘက်မှ အဆင့်ဆင့်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည့်အတွက် တင်ပို့မှုနောက်ကျပြီး ငှက်ပျောများ အမှည့်လွန်သွားကာ အရှုံးပေါ်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းထိုက်အေးက “အခု ဒီ ငှက်ပျောကိုပေါ့နော် လုပ်လို့မရဘူးဆိုတာက အဓိကကတော့ တရုတ်ဘက်ပဲပေါ့။ ဖြေလျှော့ခွင့် မပေးမချင်း လုံးဝမရဘူး။ အဓိက တင်းကျပ်တာကလည်း တရုတ်ဘက်ကပဲ။ ဒီ ဘက်က သွားချင်တယ် တရုတ်ဘက်က တင်းကျပ်ထားတဲ့အခါကျတော့ ညှိလို့မရဘူးပေါ့။ ဆုံးရှုံးတာ ဒီဘက်က ကုန်သည်တွေပဲ ဆုံးရှုံးတာပေါ့။ အဓိက ပြောချင်တာကတော့ ကျနော်တို့ကုန်သည်တွေက နယ်စပ်မှာ ဟိုဘက်နဲ့ လုပ်ရတဲ့အခါကျတော့ ဘာတစ်ခုမှ အဆင်မပြေဘူးပေါ့။ ဒီဘက်ကလည်း တာဝန်ခံပြီး ပြောပေးမယ့်လူ ဘယ်သူမှမရှိဘူး ကုန်သည်တွေနဲ့ ပတ်သက် လို့။ အဲ့ခါကျ ဒီဟာနဲ့ပတ်သက်လို့ ပြောနိုင်ဆိုနိုင်တဲ့သူ အဲ့ဒါမျိုးပဲ အဓိက လိုချင်တယ်။ ဒီဘက်က ဘာမှပြောလို့ မရ ဆိုလို့မရတဲ့အခါကျတော့ ခံရတော့ ဒီဘက်က ကုန်သည်တွေပဲခံရတာ” ဟု CNI သို့ ပြောသည်။
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် မြန်မာဘက်ခြမ်းမှ တစ်သျှူးငှက်ပျောကို အဓိက ပို့ကုန်အဖြစ် တင်ပို့လျက်ရှိပြီး လက်ရှိတွင် တရုတ်ဘက်မှ ငှက်ပျော ဝယ်လို အားရှိနေကာ ငှက်ပျောကားတစ်စီးလျှင် မြန်မာငွေ သိန်း ၂၀၀ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။