၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စမ်းသပ် ကာလအနေဖြင့် ဖွင့်လှစ်ရန် စီစဉ်နေကြကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သို့ ပြော သည်။

ဦးမင်းသိန်းက “လောလောဆယ် ဒီကနေ့အထိ ကျင်စန်းကျော့ အပေါက်တော့ ဖွင့်သေးတယ်။ ဒါပေမယ့် လွယ်ကျယ်အပေါက် ကိုတော့ ၃၁ ရက်နေ့ ဖွင့်မယ်လို့တော့ ကြားတယ်။ ဖွင့်လား မဖွင့်လားတော့ မသိဘူး။ လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စမ်းသပ် ကာလအနေနဲ့ ဖွင့်မယ်လို့ ကြားတယ်။ မသေချာသေးတော့ အန်ကယ်လည်း မပြောရဲသေးတာ”ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်နိုင်ရေး ရက်သတ်မှတ်ချက်နှင့်ပတ်သက်ပြီး အမျိုးမျိုးဖြစ်နေခြင်းကြောင့် သေချာမသိရသေးကြောင်း  ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာရစ်က CNI သို့ ပြောသည်။

၎င်းက “ခဏခဏ မနက်ဖြန် မနက်ဖြန် ဒါပဲပြောနေလို့ ကျနော်လည်း ပြောဖို့က မဖြစ်လာတာလည်း ရှိတယ်လေ။ အဲဒါ ကြောင့် ကျနော်ကတော့ ဖွင့်ပြီဆိုမှပဲ ကျနော်တော့ ဖွင့်တယ်လို့ပဲ ကျနော်က ယူဆရမှာ။ အဲဒါကြောင့် ကျနော်လည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဖွင့်မယ်လို့တော့ မပြောနိုင်ဘူး”ဟု ပြောသည်။

လက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျင်စန်းကျော့- ဝမ်တိန် နယ်စပ်ကုန်သွယ် ရေးဂိတ် အပြင် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်တို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ချင်းရွှေဟော်၊ ကျယ်ဂေါင်ဂိတ် စသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကတော့ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပုံ-လွယ်ဂျယ်နယ်စပ်ဂိတ် ကုန်သွယ်ရေးကားများကိုတွေ့ရစဉ်။

လတ်တလော ဖွင့်လှစ်ထားသည့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ငှက်ပျောကား အစီးရေ ၅၀၀ ကုန်သွယ်ရန် သဘောတူထားသည်။ သို့သော် အစီးရေ ကန့်သတ်ချက် နည်းသည့်အတွက် ငှက်ပျောကုမ္ပဏီများ၊ ကုန်ကားပိုင်ရှင်များ၊ ယာဉ် မောင်းများ အခက်တွေ့နေခြင်းကြောင့် လွယ်ဂျယ်ဂိတ် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေကြောင်း၊ လွယ်ဂျယ်ဂိတ် ဖွင့်လှစ် နိုင်ပါက အကန့်အသတ်မရှိ ကုန်သွယ်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလာရစ်က ပြော သည်။

၎င်းက “ကန်ပိုက်တီလိုတော့ မဖြစ်ခိုင်း စေချင်ဘူးပေါ့။ ဒီဘက်ကတော့ အကန့်အသတ်လို ဖြစ်သွားတော့ ဒုက္ခရောက်သွား တာ။ ကျနော်တို့လည်း အစပိုင်းတော့ မသိလို့ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ သဘောတူလိုက်တာ မှားသွားတာ။ အဲကြောင့် ကျနော်တို့ အဲဘက်ကိုတော့ ဒီနေ့ ကန်ပိုက်တီလို မဖြစ်အောင်တော့ နည်းလမ်းတော့ ရှာရမှာပဲလို့ ကျနော်တော့ အဲလိုနဲ့ပဲ ကျနော်တို့ စီစဉ်ထားပါတယ်” ဟု CNI သို့ ပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပါက ဗန်းမော်မြို့နယ်အတွင်းရှိ တစ်သျှူးငှက်ပျော၊ ကြံ၊ ဖရဲ စသည့် သီးနှံတင်ပို့နိုင် မည်ဖြစ်ကြောင်း၊ ထိုအထဲမှ တစ်သျှူးငှက်ပျောကိုသာ အဓိက တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်အချိန်ကာလက လွယ်ဂျယ်နယ်စပ်ဂိတ်သည် ၁၂ ဘီး ကုန်တင်ယာဉ်များသာ သွား၍ရသည့် လမ်းကြောင်းဖြစ်ပြီး တစ်နေ့လျှင် ကုန်တင်ကား အစီးရေ ၅၀၀ နီးပါး ကုန်သွယ်ရေး ပြုလုပ်နေသည့် နယ်စပ်ဂိတ်ပေါက်တစ်ခု ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို နိုဝင်ဘာလမှစတင်၍ ကျင်စန်းကျော့-ဝမ်တိန် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ကာ ကုန်သွယ်ရေးလုပ်ခဲ့ရာမှာ တရုတ်ယွမ်ငွေ သန်း ၂၀၀ ကုန်သွယ်နိုင်ထားပြီးဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။