၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မူလက ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုများကို လုပ်ဆောင်ရမည် ဟု ဆိုထားသော်လည်း လက်ရှိတွင် ကုန်သွယ်မှုစနစ်ပုံစံများကို ပြောင်းလဲ၍  မြန်မာကုန်ကားအရေအတွက်နှင့်  တရုတ်ကုန်ကားအရေအတွက် မျှတစွာဝင်ထွက်ရမည့်စနစ်ကို ပြောင်းလဲကျင့်သုံးထားသည်ဟု သိရသည်။

လက်ရှိတွင် တစ်နေ့လျှင် ဆန်၊ ပဲ၊ ပြောင်းနှင့်ရော်ဘာ စသည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် မြန်မာကုန် ကားအစီးရေ ၄၅ စီးခန့် တရုတ်ပြည်သို့ ဝင်ရောက်ထားပြီး အလားတူ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ထားသည့် တရုတ်ကုန်ကား ၄၅ စီးသည်လည်း မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နေကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဘယ်လိုစနစ် ပြောင်းလိုက်လဲဆိုတော့ နယ်စပ်ကုန်သွယ်ရေးက အစည်းအဝေးတွေ ခေါ်ပြီးတော့ အဖွဲ့တွေ ဖွဲ့ ပေးထားတယ်။ မြန်မာပြည်က တရုတ်ပြည်ကို တစ်စီးဝင်ရင် တရုတ်ပြည်က မြန်မာပြည်ကို တစ်စီးဝင် အဲလိုပုံစံနဲ့ သွားနေပြီ။ အဲလိုသွားခြင်းအားဖြင့် ကုန်သွယ်မှုက သာတူညီမျှဖြစ်တယ်။ အချိုးညီတယ်လို့ပဲ အန်ကယ်တို့က ပြောရတာပေါ့နော်။ ဒီအခြေအနေကတော့ မဆိုးဘူး။ အဲတော့ အများကြီး မသွားနိုင်ရင်တောင်မှ ရွေ့တော့ ရွေ့တာပေါ့။ သွားသင့်သလောက် သွားနေပါသေးတယ်” ဟု ဦးမင်းသိန်းက ပြောသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသည့် ဂိတ်များကို ဖွင့်လှစ်ထားခြင်းမရှိဘဲ ကျန်စန်းကျော့ - ဝမ်တိန်ဂိတ်တစ်ခုတည်းကိုသာ လက်ရှိတွင် ဖွင့်လှစ်ထားပြီး ကုန် သွယ်နေကြရခြင်းဖြစ်သည်။

ဒါ့အပြင် လက်ရှိ ကုန်သွယ်မှု ပြုလုပ်နေရသည့် ကျင်စန်းကျော့ဂိတ်သည် ယခင်က သစ်သီးတစ်မျိုးတည်းသာ ကုန်သွယ်သည့် ဂိတ်တစ်ခုဖြစ်ပြီး လက်ရှိတွင်မူ ကုန်မျိုးစုံကို ကုန်သွယ်နေရသော်လည်း ယခင်မူလကုန်သွယ်မှု ပမာဏကိုတောင်ရောက်ရှိခြင်း မရှိသေးကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။

“မူလပုံမှန်အတိုင်းတော့ လုံးဝ မရောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပေါက်က ဖရဲ၊ သခွား အပါအဝင် အန်ကယ် ခုနကပြောတဲ့ ၃၅ စီးနဲ့ ၄၅ စီးကြားက ဖရဲသီးနဲ့ သခွားသီးတွေ မပါဘူး။ သီးနှံလိုင်းက တစ်လိုင်း။ သီးနှံလိုင်းက တစ်နေ့ကို ပုံမှန် ၁၀ စီးလောက် ဝင်ပါတယ် ဖရဲသီး၊ သခွားသီးနဲ့ အခြားသီးနှံတွေကလည်း။ အရင်တုန်းက ကျင်စန်းကျော့ဂိတ်ဆိုတာ ပုံမှန် နယ်စပ်စီးပွားရေး အခြေအနေ ရှိတုန်းက တစ်နေ့ကို အစီး ၃၀၀ ဝင်၊ အစီး ၃၀၀ လောက် ထွက်တဲ့ဂိတ်။ အခုက တစ်နေ့ကို အစီး သုံးလေးငါးဆယ် ပဲ ထွက်ပြီးတော့ အစီး သုံးလေးငါးဆယ် ပဲ ပြန်ဝင်တဲ့အတွက် ပုံမှန်အခြေအနေတော့ မရောက်သေးဘူး” ဟု ပြောသည်။

ဒါ့အပြင် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံတွင်းသို့ မြန်မာလိုင်စင်ရှိသည့် မြန်မာကုန်ကား များကို ဝင်ရောက်ခွင့်မပြုဘဲ တရုတ်နိုင်ငံ ကုန်ကားများဖြင့်သာ ဝင်ရောက်နေရခြင်းကြောင့် ကုန်ကျစရိတ် ကြီးမြင့်မှုများ ဖြစ်ပေါ်နေသည့်အပြင် မြန်မာကုန်ကားပိုင်ရှင်နှင့် ယာဉ်မောင်းများ အလုပ်လက်မဲ့ဖြစ်၍ လုပ်ငန်း များ ရပ်နားနေရကြောင်း ကုန်ကားသမားများနှင့် ကုန်သည်များထံမှ သိရသည်။

မူလက မန္တလေးမြို့မှ တရုတ်နိုင်ငံသို့ ကုန်တင်ပို့ရာတွင် ကုန်ကျစရိတ် မြန်မာကျပ်ငွေ ၁၀ သိန်းသာ ရှိသော်လည်း လက်ရှိတွင် သိန်း ၆၀ နှင့် သိန်း ၁၀၀ ကြား ကုန်ကျနေကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်ဆောင်ရာတွင်လည်း ကုန်ကျစရိတ် ကြီးမြင့်နေပြီး လုပ်ငန်းရှင်များနှင့် ကုန်ကားသမားများ ခက်ခဲနေကြောင်း ကုန်ဂိတ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုစိုင်းမြင့်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“မြန်မာနိုင်ငံသား ကုန်တင်ယာဉ်ပိုင်ရှင်တွေ၊ ကုန်တင်ကားဆရာတွေ၊ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေ အားလုံး အခက်အခဲ ဖြစ်နေပါတယ်။ နစ်နာဆုံးရှုံးမှုတွေလည်း မတရား များနေပါတယ်။ ဈေးကွက်ထဲမှာလည်း ကုန်ဈေး နှုန်းတွေ ကြီးပြီးတော့ ၅ / ၆ ဆလောက် ဖြစ်နေပါတယ်။ အဲဒါ ဘာကို ကိုးကားပြီးတော့ ပြောတာလဲဆိုတော့ အရင် ကျနော်တို့ ကျယ်ဂေါင်၊ ရွှေလီ၊ ဝမ်တိန် ကနေပြီးတော့ မန္တလေးကိုအရောက် ကားတစ်စီးပေါ်မှာ ပါသွားတဲ့ ပစ္စည်းတွေရော၊ ကားတန်ဆာခတွေရော၊ ကားခရော သိန်း ၅၀ ဝန်းကျင်ပဲ ရှိတယ်။ အခု အဲဒီကုန်ပစ္စည်း မန္တလေးအရောက်ကို သိန်း ၁၅၀ ကုန်ကျနေတယ်။ ကျနော်တို့ တရုတ်ကနေ မန္တလေးအရောက်ကိုပေါ့” ဟု ပြောသည်။

လက်ရှိ  မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများသည် အစားထိုးယာဉ်မောင်းစနစ် (ရှန်တိန်) ကို ကျင့်သုံးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်နှင့် ကုန်ကား ပိုင်ရှင်များက ပြောသည်။

မြန်မာကုန်ကားများကို မန္တလေးမြို့မှ မူဆယ် (၁၀၅) မိုင်အထိသာ မောင်းနှင်ခွင့်ပြုထားပြီး (၁၀၅) မိုင်မှ ရွှေလွယ်အင်ကားကွင်း (ကျင်စန်းကျော့)အထိကို ခေါက်တိုကားများဖြင့် သွားရပြီး ယင်းမှတစ်ဆင့် နောက်ထပ် ခေါက်တိုကားဖြင့် တရုတ်နိုင်ငံသို့ ဝင်ရကြောင်း သိရသည်။

ယင်းခေါက်တိုကားများနှင့် အစားထိုးယာဉ်မောင်းအများစုသည် တရုတ်နိုင်ငံဘက်မှဖြစ်သည့်အတွက် မြန်မာ လုပ်ငန်းရှင်နှင့် ယာဉ်မောင်းများ လုပ်ငန်းခက်ခဲနေကြခြင်း ဖြစ်သည်ဟုဆိုသည်။

လက်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ ကုန်သွယ်မှု ပမာဏအနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၁၈၉.၆၄ လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၇ အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ   ၁၄၃၉.၂၈၉ သန်း ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၂၄၉.၆၄၉ သန်းမျှသာ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။