CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်းကနေ နိုဝင်ဘာလမှစတင်၍ ဒီဇင်ဘာ ၂၉ ရက်အတွင်း ကုန်သွယ်မှုပမာဏာမှာ တရုတ်ယွမ်ငွေ သန်း ၂၀၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၂၆ ရက်နေ့၌ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်းမှာ ကုန်ပစ္စည်းများတရားဝင် ပြန်လည် ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်သံရုံးက “ယခုအချိန်အထိ အဆိုပါ နယ်စပ်ဂိတ်တွင် တစ်ရက်လျှင် ပျမ်းမျှ မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၄၀ ခန့် အဝင်အထွက် ပြုလုပ်လျက်ရှိပြီး အဝင်အထွက် မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၁၀၀၀ ကျော်ရှိကာ ကုန်စည်သယ် ယူပို့ဆောင်မှု စုစုပေါင်း ပမာဏမှာ တန်ချိန် ၃၀၀၀၀ ကျော်ရှိပြီး ပို့ကုန်သွင်းကုန် စုစုပေါင်း ပမာဏမှာ တရုတ်ယွမ်ငွေ သန်း ၂၀၀ ခန့်ရှိပါသည်”ဟု ပြောသည်။
ထို့နောက် ဝမ်တိန်နယ်စပ်ဂိတ်သည် တရုတ်-မြန်မာ အရေးပါသော ကုန်လးမ်းနယ်စပ်ဂိတ်လမ်းကြောင်း ဖြစ်သည်ဟုလည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ပြောထားသည်။
တရုတ်သံရုံးက “ယခုအကြိမ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ကုန်စည်သယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ ယခင် ယာဉ်များဖြင့် နယ်စပ်ဖြတ် ကျော် သယ်ယူပို့ဆောင်ခြင်းမှသည် ယခုကွန်တိန်နာဖြင့် အတင်အချ ပြုလုပ်သည့် မထိတွေ့သည့်ပုံစံဖြင့် သယ်ယူပို့ဆောင် ပါသည်”ဟု ပြောသည်။
ယာဉ်မောင်းသည် ကွန်တိန်နာယာဉ်အား သီးသန့်လွှဲပြောင်းသည့် စင်တာသို့ မောင်းနှင်၍ မော်တော်ယာဉ်ဝန်ချီစက်ဖြင့် တစ်ဆင့်သယ်ယူပြီး လူထိတွေ့မှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ရာ နယ်စပ်ဂိတ်ဧရိယာ၌ လူများစုဝေးမှုနှင့် ကပ်ရောဂါ ပျံ့နှံ့မှု အန္တရာယ်ကို ထိရောက်စွာ လျော့နည်းစေပါသည်ဟုလည်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံက ဇူလိုင်လကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်း ပြ ချက်ဖြင့် ပိတ်ထားရာမှ နိုဝင်ဘာလမှာ ဝမ်တိန်နယ်စပ်ဂိတ်သွယ်ရေးဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေး၍ လက်ရှိ ကုန်သွယ် လျက်ရှိနေသည်။
အဆိုပါ ဝမ်တိန်(မြန်မာအခေါ် ကျင်စမ်းကျော့)နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် မြန်မာဘက်က သစ်သီးဝလံ၊ ဆန်၊ ရော်ဘာ၊ ပဲ၊ ပြောင်းချဉ်ဖက် တို့ကို အဓိက တင်သွင်းလျက်ရှိပြီး တရုတ်နိုင်ငံဘက်က အိမ်ဆောက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း နှင့် အိမ်သုံးပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိကြောင်း ကုန်သယ်များထံမှ သိရသည်။