၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်(ဟောင်း)နေရာတွင် ဖော်ဆောင်နေသည့် Yoma Central (ရိုးမစင်ထရယ်)စီမံကိန်း ပြီးစီးမှု အချိန်မှာ ယခင်ခန့်မှန်းမှုအချိန်ထက် လုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ၂ နှစ် နောက်ဆုတ်သွားနိုင်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအများပိုင်ကုမ္ပဏီ (FMI)၏ လုပ်ငန်းဆိုင်ရာအမှုဆောင်အရာရှိချုပ်(COO)ဉီးထွန်းထွန်းက ပြောသည်။
အဆိုပါ စီမံကိန်းကို ယခင်က ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်မှန်းထားသော်လည်း လက်ရှိ လုပ်ငန်းများ ရပ်နားထားရခြင်း ကြောင့် နောက်ဆုတ်သွားနိုင်သည်ဟု ၎င်းက ဆိုသည်။
ဉီးထွန်းထွန်းက “ရိုးမစင်ထရယ်ဆိုတဲ့ ပရော်ဂျက်က အရမ်းကြီးတဲ့ စီမံကိန်းတစ်ခု။ ကျနော်တို့ လောလောဆယ်မှာ ဆောက် လုပ်ရေးကို ခဏ ရပ်နားထားတယ်။ ဆောက်လုပ်ရေး ရပ်နားထားပေမယ့် ရင်းနှီးမြှုပ်နှံသူကတော့ ဒါဘာဆက်ဖြစ်မလဲဆိုတဲ့ စိတ်ရှိတာပေါ့။ စီမံကိန်းအတွက် ငွေကြေးထောက်ပံ့ခြင်းကိုလည်း ဘယ်လိုဆက်လုပ်မလဲ ဆိုတာလည်း ရှိတယ်။ ဒါတွေကို ကျနော်တို့ အသေးစိတ် ဆွေးနွေးပါတယ်။ ဆိုတော့ အနှစ်ချုပ်လို့ရှိရင် ဒီစီမံကိန်း ပြီးအောင်လုပ်မှာ။ လုပ်ပါမယ်။ အချိန် နည်း နည်း ပြောင်းသွားလိမ့်မယ်။ ဥပမာ ကျနော်တို့ ၂၀၂၂ လောက်မှာ လျာထားတဲ့ဟာက ၂ နှစ်လောက် နောက်ဆုတ်သွားမယ်’’ဟု CNI သို့ ပြောသည်။
မြန်မာ့မီးရထားရုံးချုပ်ဟောင်းသည် မြေ ၁၀ ဧက ကျယ်ဝန်းပြီး ရိုးမစင်ထရယ်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် The Peninsula Yangon ဟိုတယ်စီမံကိန်းကိုအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။
လုပ်ငန်း ပြီးစီးချိန်အနေဖြင့် လာမယ့် ၂၀၂၂ ခုနှစ်ဟု မူလက မျှော်မှန်းထားသော်လည်း မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် လက်ရှိတွင် လုပ်ငန်းဖော်ဆောင်များကို ခေတ္တရပ်နားထားကြောင်း သိရသည်။
ပုံ-မြန်မာ့မီးရထားရုံးချုပ်ဟောင်းက ရိုးမစင်ထရယ်စီးမံကိန်း တည်ဆောက်နေမှုကိုတွေ့ရစဉ်။
အမေရိကန်ဒေါ်လာ သန်း ၁၃၀ ထည့်၍ ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်နေသည့် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်အုပ်စု ကလည်း The Peninsula Yangon ဟိုတယ်စီမံကိန်းကို ခေတ္တရပ်နားထားကြောင်း၊ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှသာ ပြန်လည် စတင်မည်ဖြစ်ကြောင်း မေလဆန်းပိုင်းတွင် ထုတ်ပြန် ကြေညာထားသည်။
ဉီးထွန်းထွန်းက ‘‘အဲ့ဒါဆိုရင် ကျန်တဲ့ ရင်းနှီးမြှုပ်နှံသူက သူ့ရဲ့ Equity Capital သော်လည်ကောင်း၊ ချေးငွေအရင်းအနှီး ထောက်ပံ့ခြင်း သော်လည်ကောင်း စသဖြင့် ထည့်သွင်းရမယ့် အချိန်ဇယားတွေ ပြန်ပြီး စီစဉ်ရမယ်။ ပြန်ဆပ်ရမယ့် အချိန်တွေ ပြန်စီစဉ်ရမယ်။ ဒါတွေက အများကြီး ညှိနှိုင်းရတဲ့ ကိစ္စတွေပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ အခုချိန်မှာ တစ် ဆင့်ချင်းစီ ညှိနှိုင်းရ တာ ပြီးခါနီး ဖြစ်လောက်ပါပြီ။ ပြီးခါနီး ဖြစ်လို့ရှိရင် ကျနော်တို့ တစ်ခန်းပြီးရင် နောက်တစ်ခန်း ဆက်ပါမယ်’’ ဟု CNI သို့ ပြောသည်။
ရိုးမစင်ထရယ်စီမံကိန်းကို Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ FMI က ၁၂ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီအုပ်စုက ၃၀ ရာခိုင်နှုန်း၊ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း (IFC) က ၅ ရာခိုင် နှုန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ၅ ရာခိုင်နှုန်း စသဖြင့် အသီးသီး ထည့်ဝင် ရင်းနှီးမြှုပ်နှံထားကြသည်။
ထို့ကြောင့် စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ် အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ဖြစ်ကြောင်း သိရသည်။