CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၇
တရုတ်နိုင်ငံ၏လူ့အခွင့်အရေးမှတ်တမ်းများအပေါ် ဝေဖန်ပြစ်တင်မှုကြောင့် အတားအဆီးဖြစ်ခဲ့ရသော်လည်း လာမည့် ဖေဖော်ဝါရီ ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် စီးပွားရေးကြော်ငြာလုပ်ငန်းများကတော့ ၎င်းတို့ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို အာရုံစိုက်လုပ်ကိုင်နေကြကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
အချို့ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏အိုလံပစ်ဈေးကွက်ရှာဖွေရေးကြိုးပမ်းမှုတွင် အိမ်ရှင်နိုင်ငံနှင့် မြို့တော် ကို ထည့်သွင်းဖော်ပြခြင်းမရှိကြကြောင်း ကြော်ငြာနှင့်ဈေးကွက်ရှာဖွေရေးအမှုဆောင်အရာရှိများထံမှ သိရသည်။ တချို့က အားကစားပြိုင်ပွဲများအတွင်း အိုလံပစ်အပြင်အဆင်မဟုတ်သည့် ကြော်ငြာများကို ပြသရန် စီစဉ်ထား သည်။ တချို့ကတော့ ပွဲတော်ကို ဝန်းရံပေးမည့် နိုင်ငံရေးလမ်းကြောင်းကို အထောက်အကူပြုရေးအတွက် လူထု ဆက်ဆံရေးဘက်သို့ ခြေဦးလှည့်လာကြသည်။
အိုလံပစ်အားကစားပြိုင်ပွဲများသည် ပုံမှန်အားဖြင့် ကမ္ဘာ့အကြီးဆုံးကုန်အမှတ်တံဆိပ်များက ၎င်းတို့ထုတ်ကုန်များ နှင့်ဝန်ဆောင်မှုများကို ကမ္ဘာ့ပရိသတ်ထံသို့ ချပြနိုင်ဖို့ အခွင့်အရေးတစ်ရပ်ဖြစ်သည်။
၂၀၁၈ ခုနှစ် တောင်ကိုရီးယား၊ ပြုံချမ်းမြို့မှာ ကျင်းပခဲ့သည့် ဆောင်းရာသီအိုလံပစ်အတွင်း ကုမ္ပဏီများက ကွန်ကက်ကော်ပိုရေးရှင်း (Comcast Corp) ၏ NBCUniversal ရုပ်သံထုတ်လွှင့်ရေးအတွက် တီဗီကြော်ငြာများကို ဒေါ်လာ သန်း ၉၂၀ ကျော် သုံးစွဲခဲ့သည်။
ယခုဘေဂျင်းအိုလံပစ်တွင် ကုန်စည်အမှတ်တံဆိပ်များသည် အိုလံပစ်ပြိုင်ပွဲများထဲ မဝင်ရန် (နှင့်/သို့မဟုတ်) လူ့အခွင့်အရေးကိစ္စ ရှေးရှုကြရန် အမေရိကန်နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ဖိအားများအောက် ကျရောက်နေသည်။
ဘိုင်ဒန်အစိုးရက ယခုလအစောပိုင်းတွင် ဘေဂျင်းအားကစားပြိုင်ပွဲများသို့ အမေရိကန်အစိုးရအရာရှိများ စေလွှတ် ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသရှိ မွတ်ဆလင်လူနည်းစုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များကို အကြောင်းပြထားသည်။
ရှင်ကျန်းဒေသ ကျူးလွန်မှုများစွပ်စွဲချက်ကို အမေရိကန် လုပ်ကြံဖန်တီးသည်ဟု ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက တုံ့ပြန်ခဲ့ပြီး အားကစားကို နိုင်ငံရေးဘက်တွင် အသုံးမချရန် ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော အမြတ်အစွန်းရင်းမြစ်ဖြစ်သည့် တရုတ်ကို ရှောင်လွှဲရန် ကြော်ငြာရှင်များက အားမထုတ်လိုသော်လည်း နိုင်ငံရေးသမားများ၏ဖိအားပေးလှုံ့ဆော်မှု ရင်ဆိုင် နေရသည်။
၁၇ ရက်ကြာကျင်းပမည့်ပွဲအတွက် သီးသန့်အိုလံပစ်အပြင်အဆင်များ ဖန်တီးမည့်အစား ကြော်ငြာကြည့်သူများ အတွက် အမြဲလတ်ဆတ်နေမည့်အကြောင်းအရာမျိုးကို ကြော်ငြာရန် စဉ်းစားနေကြောင်း ဒိုင်မက်မက်ဆီမိုဂိုးလ်စတိန်း (DiMassimo Goldstein) ကြော်ငြာကုမ္ပဏီတည်ထောင်သူ မက်ဒိုင်မက်ဆီမိုက ပြောကြားခဲ့သည်။ ၎င်းသည် အိုလံပစ်ပွဲတော်အတွက် ကြော်ငြာထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ရန် စီစဉ်ထားပြီး NBCUniversal မှနေ၍ အမေရိကန်တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
လက်တုံ့ပြန်မည်ကို စိုးရိမ်ကြ၍ ကြော်ငြာရှင်အများစုသည် တရုတ်အပေါ် အများသိစေမည့်ထုတ်ပြန်ချက်မျိုးကို ရှောင်ရှားကြဖို့ မျှော်မှန်းထားကြောင်း ဈေးကွက်ရှာဖွေရေးကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
Source: Bangkok Post