၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံတွင် ဒီဇင်ဘာလအတွင်း ပြည်တွင်း ခရီးသွားလာမှုသည် အောက်တိုဘာလထက် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

ဒီဇင်ဘာလတွင် ခရစ္စမတ် ရုံးပိတ်ရက်များရှိသဖြင့် ပြည်တွင်း ခရီးသွားလာမှု များပြားခဲ့ကြောင်း၊ အများစုသည် ကမ်းခြေ ဒေသများသို့ သွားရောက်ကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  လုံခြုံရေး အာမမခံနိုင်သေးသရွေ့ နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်

ဦးနောင်းနောင်းဟန်က “အောက်တိုဘာလကနေ နိုဝင်ဘာလမှာ ၃၀ ရာခိုင်နှုန်းလောက်အထိ တက်လာတယ်လို့ ပြောလို့ရ တယ်။ ဒီဇင်ဘာထဲမှာဆိုရင်တော့ ခရီးသွားလာမှု ပိုများလာတယ်။ အောက်တိုဘာလနဲ့ ယှဉ်ရင်တော့ ၅၀ ရခိုင်နှုန်းလောက် အထိ တက်လာတယ်လို့ ပြောလို့ရတယ်။ လက်ရှိမှာတော့ ကျနော်တို့ သိန်းဂဏန်းကျော် လောက်ထိအောင် ကျနော်တို့က သွားနေတယ်။ မူလနဲ့ဆိုရင်တော့ ဒါ ၁၀ ရာခိုင်နှုန်းလောက်ပေါ့။ ပြည်တွင်းခရီးသွားလုပ်ငန်းရှိသင့်တဲ့ ပမာဏထက် ၁၀ ရာခိုင် နှုန်း လောက် အထိတော့ ပြန်ရောက်လာတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ကမ်းခြေဒေသတွေမှာ ခရီးသွားတွေ များတယ်။ နောက်တစ်ခါ ခရီးတိုတွေပေါ့နော်။ ၄၊ ၅ နာရီလောက် သွားရတဲ့ခရီးတွေ သွားလာကြတာများတယ်။ ခရီးရှည်တွေ သွားတာ တော့ နည်းနေသေးတယ်”ဟု CNI သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ခရီးသွားဝင်ရောက်မှုသည် ၁၀ သန်းကျော် အထိရှိခဲ့ပြီး လက်ရှိတွင် ထိုအခြေအနေသို့ ပြန်လည် ရောက်ရှိရန်မှာ မလွယ်ကူသေးကြောင်း၊ ယခု ပြည်တွင်းခရီးသွားလာမှုများသည် ခရီးသွားလုပ်ငန်းများမှတဆင့် သွားလာခြင်း မျိုးမဟုတ်ပဲ မိသားစုလိုက် သွားလာကြသည့် အနေအထားသာဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံမှ ၁ ရက်တာ အလည်အပတ်ခရီး ဖွင့်ပေးရန် စီစဉ်နေ

လက်ရှိ နိုင်ငံရေးအခြေအနေသည် ပြည်တွင်းခရီးသွားလုပ်ငန်းအပေါ် ကန့်သတ်ချက်များရှိနေကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

ပုံ-ကမ်းခြေဒေသတွင် ခရီးသွားများကိုတွေ့ရစဉ်။

 

၎င်းက “အချို့နေရာ ဒေသတွေမှာလည်း ညဘက်ထွက်တာတွေ ဘာတွေကအစ အကန့်အသတ်ရှိတဲ့အတွက် ခရီးတကယ် သွားလာမှုအပေါ်မှာ အခက်အခဲ ရှိနေပါသေးတယ်။ ဧည့်စာရင်း တိုင်တာကအစပေါ့။ ဒီလို ကန့်သတ်ချက်တွေ ရှိနေသေးတဲ့ ပေါ်မှာ ပြည်တွင်းခရီးသွားကို နောက်ပြန်ဆွဲနေတဲ့ သဘောပေါ့။ တိုးတက်သင့်သ‌လောက် အများကြီး မတိုးတက်ဘူး ဖြစ်နေ တယ်။ တကယ်တမ်းသာ အဲ့ဒီ လုံခြုံရေးပိုင်းဆိုင်ရာတွေရော၊ ဒီကန့်သတ်ချက်တွေကိုရော ဖြေလျှော့ပေးနိုင်မယ်ဆိုလို့ရှိရင် ပြည်တွင်းခရီးသွားက ဒီထက် နှစ်ဆ သုံးဆလောက် တိုးတက်လာဖို့ရှိပါတယ်”ဟု CNI သို့ ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရန် ခက်ခဲနေသေး

၂၀၂၁ ခုနှစ်၏ သုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာတို့တွင် ပြည်တွင်းခရီးသွားများ ပြန်လည် စတင် လည်ပတ်လာသည့်အတွက် လာမည့် ၂၀၂၂ ခုနှစ်၌ ပြည်တွင်းခရီးသွားများ ယခုထက် များပြားလာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

သို့သော် လာမည့်နှစ်တွင် ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် မဖြစ်နိုင်သေးကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦး သူ ဦးသက်လွင်တိုးက ပြောသည်။

၎င်းက “မြန်မာနိုင်ငံကျတော့ လက်ရှိ နိုင်ငံတကာ လေယာဉ်တွေလည်း commercial flight တွေ ပေးမဆင်းသေးဘူး။ relief flight ပဲ အကန့်အသတ်နဲ့ ရှိတယ်။ နောက် ဗီဇာလည်း မပေးဘူး သီးခြားစောင့်ရတယ်။ အထူးခွင့်ပြုချက်နဲ့မှ နိုင်ငံခြားသားကို ခွင့်ပြုတယ်ဆိုတော့ ဒါဆိုရင်တော့ inbound tourism က ၂၀၂၂ မှာ လုပ်ဖို့ဆိုတာ တော်တော် ခဲယဉ်းသွားပါတယ်။ လာခဲ့လို့ ခွင့်ပြုခဲ့တယ်ပေါ့။ အခြားအိမ်နီးချင်း နိုင်ငံတွေကို ခွင့်ပြုခဲ့ရင်တောင်မှ လုံခြုံရေးကို ဘယ်လိုတာဝန်ယူမလဲ”ဟု CNI သို့ ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ ခရီးစဉ်များ လာရောက် လည်ပတ်လိုကြောင်း ဆက်သွယ် မေးမြန်းမှုများ ရှိနေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ခရီးသွားလုပ်ငန်းများ လည်ပတ်မှု အားနည်း ခဲ့ကြောင်း၊ ထိုခရီးသွားဝင်ရောက်မှု နည်းပါးသည့်အတွက် ဟိုတယ်အချို့ ပြန်လည်ရောင်းချလိုက်သည်များလည်း ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။