၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကုမ္ပဏီများမှ ငှက်ပျောကားများကို တစ်ရက်လျှင် အစီး ၃၀ သာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ပြုနေသည့်အတွက် ငှက်ပျောကုမ္ပဏီများ အရှုံး ပေါ်နေကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်အား ယာယီပိတ်ထားရာမှ ပြန်လည် ဖွင့်ပေးခဲ့သော်လည်း တရုတ်ဘက်က တစ်ရက်လျှင် ငှက်ပျောကား အစီး ၃၀ သာ ဝင်ခွင့်ပြုသည့်အတွက် ကားသမားများနှင့် ငှက်ပျောစိုက်ပျိုးရေးကုမ္ပဏီများ အရှုံးပေါ်နေကြောင်း၊ တစ်ရက်လျှင် အစီးရေ ၅၀၀ ဝင်ခွင့်ရရှိရေး တောင်းဆိုထားကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလာရစ်က CNI သို့ ပြောသည်။
၎င်းက “တစ်ရက်ကို ၃၀ ပဲဆိုတော့ အဝင်အထွက်က အဲလို ဖြစ်နေတာပေါ့။ အခု ငါတို့ ကန်ပိုက်တီမှာတော့ ကားက ပြည့် ကြပ်နေတာပေါ့။ အားလုံးကတော့ အခုကတော့ ၈၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပြီ။ ငှက်ပျောစိုက်တဲ့ကုမ္ပဏီ အားလုံးတော့ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ရှုံးသွားပြီ။ တရုတ်ပြည်က သူတို့ လက်ခံတာ ၃၀ - ၃၀ နဲ့ သူတို့ရောဂါနဲ့ အဲလိုနဲ့ လက်ခံနေတာ။ အခု ကျနော်တို့ ပြန်တောင်းဆိုတော့ သူတို့ ဒုက္ခရောက်လာတယ်၊ ပြဿနာ တအားတက်လာတယ်လို့ အဲကြောင့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အနည်းဆုံး ၅၀၀ လောက် အဝင်အထွက် လုပ်ပေးပါလို့တော့ တောင်းဆိုထား တာ။ အခု ဘယ်လိုလာမလဲ မသိဘူး” ဟု ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်ဘက်က အဆင့်ဆင့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ အဆင့်ဆင့် စစ်ဆေး မှုများ ပြုလုပ်သည့်အတွက် တင်ပို့မှု နောက်ကျကာ ငှက်ပျောများ အမှည့်လွန်သွား၍ အရှုံးများပေါ်နေကြောင်း ငှက်ပျောစိုက် ကုမ္ပဏီများထံမှ သိရသည်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကန်ပိုက်တီဂိတ်အား ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ စမ်းသပ်ကာလအနေဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင် ငှက်ပျောကား အစီးရေ ၃၀ နှုန်းဖြင့် စုစုပေါင်း အစီးရေ ၅၀၀ ဝင်ခွင့်ပြုထားကြောင်း သိရသည်။
ပုံ-ငှက်ပျောစိုက်တောင်သူများကိုတွေ့ရစဉ်။
လက်ရှိတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ငှက်ပျောများ မှည့်လွယ်သည့် အခြေအနေဖြစ်နေပြီး တစ်ရက်လျှင် အစီးရေ ၃၀ သာ ဝင်ခွင့်ပြုထားခြင်းမှာ အခက်အခဲရှိကြောင်း၊ ယခင်ကအတိုင်း တစ်ရက်လျှင် အစီးရေ ၅၀၀ ဝင်ခွင့်ပြုစေလိုကြောင်း ဦးလာရစ်က ပြောသည်။
၎င်းက “၅၀၀ ဆိုလည်း ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ငှက်ပျောသီးတွေက မတအား မှည့်လာတာလေ။ အဲဒါကြောင့် ငါတို့ ဒုက္ခရောက်တာ။ ရာသီဥတုတွေက ဖောက်ပြန်လာတော့။ အခု တချို့တွေက ဘာဖြစ်လဲဆိုတော့ အဲမှာ သွားတန်းစီတာ တောင် ၈ ရက်လောက် ကြာတာ။ တစ်လမှာ နှစ်ခေါက်ဆိုတော့ ကားထောင်တဲ့သူလည်း ဆုံးရှုံးတာပေါ့။ ဆုံးရှုံးတော့ မကိုက် ဘူးပေါ့။ တစ်လကို နှစ်ခါပဲ ပြေးတယ်ဆိုတော့ ဘယ်ကားမဆို လုပ်စားရတာ အဆင်မပြေဘူးပေါ့။ ခါတိုင်းတော့ ကုမ္ပဏီတစ်ခု မှာ ကားက ရာချီသုံးတာကိုး။ အခုက ၃၀ တည်းဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ ၅၀၀ လောက် အဝင်အထွက် လုပ်မှ နည်းနည်းခံသာမှာ။ အရင်တုန်းက ၁၀၀၀ လောက် ပြေးဆွဲနေတာလေ” ဟု CNI သို့ ပြောသည်။
ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့် မြန်မာဘက်ခြမ်းမှ တစ်သျှူးငှက်ပျောကို အဓိက ပို့ကုန်အဖြစ် တင် သွင်းလျက်ရှိပြီး သွင်းကုန်အဖြစ် လူသုံးကုန်နှင့် စားသုံး ကုန်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စိုက်ပျိုးရေးပစ္စည်းများကို တရုတ်ဘက်မှ ပြန်တင်သွင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် တရုတ်-မြန်မာ ငှက်ပျောကုန်သွယ်အတွက် မြန်မာဘက်က ကုန်ကားအစီး ၅၀၀ ဖြင့် ကုန်သွယ်ရန် ကနဦး သဘောတူညီမှု ရရှိထားကြောင်း၊ လတ်တလောတွင် ကန်ပိုက်တီ၌ ငှက်ပျောကား အစီးရေ ၃၀၀ ကျော် တန်းစီနေကြောင်း သိရသည်။
အဆိုပါ တန်းစီစောင့်ဆိုင်းနေရသော ငှက်ပျောကားများ တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် စောင့်ဆိုင်းမှု အချိန်ကြာမြင့်ပါက ပျက်စီးသွားနိုင်ကြောင်း၊ ငှက်ပျောကား တစ်စီးလျှင် တရုတ်ယွမ်ငွေ ၁၁၀၀၀၀(တစ်သိန်းတစ်သောင်း)နီးပါး မြန်မာငွေ သိန်း ၂၀၀ ကျော် ပေါက်ဈေးရှိကြောင်း သိရသည်။