၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃

တရုတ်ယွမ်နှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေခွင့်ရသည့်အတွက် တရုတ်သို့ ဆန်စပါးတင်ပို့ရောင်းချရာတွင် အမေရိကန်ဒေါ်လာဖြင့် အခွန်ဆောင်စရာ မလိုတော့သောကြောင့် ယခင်ကထက် ကုန်ကျစရိတ်သက်သာကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု၏ အရောင်းအဝယ်ပိုင်းတွင် ယွမ်/ကျပ် အသုံးပြုမှုမရှိသေးသော်လည်း အခွန် ဆောင်ရာတွင် ဒေါ်လာအစား ယွမ်ဖြင့်သာဆောင်ရသည့်အတွက် အဆင်ပြေကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သို့ ပြောသည်။

“အရင်တုန်းက ဆန်ရောင်းတယ်ပေါ့။ ဆန်ရောင်းရင် နိုင်ငံတော်ကို အခွန်ဆောင်ရတယ်။ အခွန် ဆောင်ရင် သတ်မှတ်ဈေးဆိုတာ သတ်မှတ်ရတယ်။ ဆိုကြပါစို့ ဆန်တစ်တန်ကို ယွမ်ငွေ သုံး‌ထောင်ပေါ့ ဒို့က ရောင်းလိုက် တယ် တရုတ်ပြည်ကို။ ဒါပေသိ အခွန်ဆောင်တော့ ယွမ်ငွေ သုံးထောင်လို့မသတ်မှတ်ဘူး။ တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၈၀ ဆိုပြီးသတ်မှတ်တယ် ဥပမာပြောတာနော်။ ဒို့က အဲ့ဒေါ်လာကို ပြန်တွက်ပြီးတော့ ဗမာငွေနဲ့ သင့်ပြီးတော့ အခွန်ဆောင်ရတယ် နိုင်ငံတော်ကို။ ဒေါ်လာကတော့ ဗဟိုဘဏ်က ပေါက်ဈေးနဲ့ အခွန် ဆောင်ရတာကို။ အဲ့ကျတော့ ဒို့ရတဲ့ငွေက ယွမ်ငွေနဲ့ရတာ။ ဒို့ရောင်းတာ ယွမ်ငွေနဲ့ရောင်းတာ။ ဒါပေသိ အခွန် စည်းကျပ်တော့ ဒေါ်လာနဲ့သတ်မှတ်တယ်”ဟု သူကပြောသည်။

Photo - CNI

ယခင်က ဒေါ်လာဖြင့် အခွန်ဆောင်ရာတွင် မြန်မာနိုင်ငံ၌ ပြည်ပနိုင်ငံများနှင့် အရောင်းအဝယ်လုပ်သည့်အခါတွင် ဒေါ်လာအား အသုံးများသောကြောင့် ဒေါ်လာဈေးမှာ မကြာခဏအပြောင်းအလဲဖြစ်သည့်အတွက် လုပ်ကိုင် ရသည်မှာမငြိမ်ကြောင်း၊ ဒေါ်လာပေါက်ဈေးအား ပြန်ကြည့်နေရကြောင်း ဦးမင်းသိန်းက ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချော့မွေ့စေနိုင်ရန်၊ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် နှစ်နိုင်ငံနယ်စပ် ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ အတွင်းရေးမှူးချုပ် ဦးအောင်မြင့်က “ရတဲ့ယွမ်ကို တရုတ် Import ပစ္စည်းပြန်သုံးရင်တော့ တရုတ်ယွမ်နဲ့ ပြန်ဝယ်မယ့်သူတွေအတွက်ကတော့ အဆင်ပြေတာပေါ့။ တခြား ပစ္စည်း တော်တော်များများက ဒေါ်လာနဲ့ပဲ ဒီ importကို ပြန်ဝယ်ရတာ။ နယ်စပ်ရော ပင်လယ်ရေကြောင်းကသွင်းတာရော အဆင်ပြေနိုင်ပါတယ်။ တချို့ တရုတ်ကလာဝယ်တဲ့ exporter တွေကတော့ သူတို့ပြန်ဝယ်တဲ့ importer ပေါ့။ ကျနော်တို့ ဒီ exporter တွေကို တခါတလေကျရင်တော့ ယွမ်နဲ့ပဲ ချေချင်တာတွေရှိတယ်။ အဲ့ဒါတွေတော့ အဆင်ပြေသွားမယ်ထင်ပါတယ်”ဟု CNI သို့ ပြောသည်။

ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့် ဘဏ်(Designated Bank) များတွင် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်းကို ဖွင့်လှစ်ခွင့်ပြု ကြောင်း ဗဟိုဘဏ်မှ သိရသည်။