၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃

နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ ခရီးစဉ်များ လာရောက် လည်ပတ်လိုကြောင်း ဆက်သွယ် မေးမြန်းမှုများ ရှိနေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

နယ်စပ်ဖြတ်ကျော် ခရီးစဉ်များကို လာမည့် ၂၀၂၂ ခုနှစ်တွင် စတင်နိုင်ရေး ခရီးသွားကုမ္ပဏီတစ်ချို့က တင်ပြလျှောက်မှုများ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နယ်စပ်ဖြတ်ကျော်ဆိုတာက သူတို့က ယာဉ်တန်းကားမောင်းပြီးတော့ ဖြတ်ကျော်ချင်တာတွေ၊ ဆိုင်ကယ်စီးပြီး ဖြတ် ကျော် ချင်တာတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ကုမ္ပဏီတွေက ခရီးစဉ်တွေကို လျှောက်ထားလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီ တွေက လျှောက်ထားလာတဲ့ နေရာမှာ များသောအားဖြင့်က အိန္ဒိယဘက်ကနေ လာတာရှိတယ်။ ထိုင်းဘက်ကနေ လာတာ ရှိတယ်။ အဲလိုတွေ လာပြီးတော့ မြန်မာပြည်ကို ဖြတ်မယ်။ အိန္ဒိယက လာတယ်ဆိုလို့ရှိရင် မြန်မာပြည်ကိုဖြတ်ပြီး ထိုင်းဘက် ကို ထွက်တာမျိုး။ ထိုင်းဘက်ကနေ မြန်မာပြည်ကိုဖြတ်ပြီး အိန္ဒိယကို ထွက်တာမျိုး။ ဒါမျိုး ခရီးစဉ်တွေကို ခရီးသွား ကုမ္ပဏီ တွေက လာမယ့်နှစ် ၂၀၂၂ မှာ သူတို့က သွားချင်တယ်ဆိုပြီးတော့ တင်ပြလျှောက်ထားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ခရီးသွား အစီအစဉ်များသည် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်နိုင်သည့် ကာလဖြစ်မှ အဆင်ပြေမည်ဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် အခြေအနေများ ဖြစ်လာမှ အကောင်အထည်ဖော်နိုင် မည်ဖြစ်ကြောင်း ဦးအောင်အေးဟန်က ပြောသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန အနေဖြင့် လာမည့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြည်ပခရီးသွားများကို ပြန် လည် လက်ခံနိုင်ရန် ဆောင်ရွက်နေပြီး အာဆီယံဒေသတွင်း နိုင်ငံများမှ ဧည့်သည်များကို အဓိကထား ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပခရီးသွားများကို လက်ခံရန် ပြင်ဆင်နေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် ပထမ သုံးလပတ်အထိ ခရီးသွားလာမှုများကို ဖွင့်လှစ်ကြောင်း ကြေညာနိုင်ခြင်း မရှိပါက ၂၀၂၂ ခုနှစ်၏ ခရီးသွားရာသီ တစ်ခုလုံးအတွက် ဆုံးရှုံးနိုင် ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

ပုံ-ပုဂံဒေသကိုတွေ့ရစဉ်။

၎င်းက “ခရီးသွားလုပ်ငန်းက အခုဖွင့်လိုက်လို့ အခု ရောက်လာတာမျိုး မဟုတ်ဘူး။ ခရီးသွားလုပ်ငန်းက ဖွင့်ပေးလိုက်ပြီ ဆိုလို့ ရှိရင် အနည်းဆုံး ၃ လကနေ ၆ လ အထိတောင် အချိန်ယူရတယ်။ ၂၀၂၂ မှာ ပထမ ၃ လပတ်ထဲမှာပေါ့နော်၊ ဖွင့်ပေးလိုက်ရင် တောင်မှ ဒီပထမ ၃ လပတ်ထဲမှာ ချက်ချင်းဝင်လာတဲ့ ခရီးသည်ဆိုတာ မရှိသေးပါဘူး။ ဖွင့်ပေးလိုက်တဲ့ အပေါ်မှာမှ လေ ကြောင်းလိုင်းတွေက ပြန်ဆွဲရအုံးမယ်။ နောက်တစ်ခါ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေက ခရီးစဉ်တွေ စီစဉ်ပြီး ရောင်းချတဲ့ အခါမှာလည်း ၃ လကနေ ၆ လ အနည်းဆုံး ကြိုတင်ပြီး ရောင်းချရတယ်။ အနောက်နိုင်ငံတွေမှာ တစ်နှစ် ကြိုပြီးတော့ ရောင်း ချ ကြတယ်ပေါ့နော်။ ကျနော်တို့ ဒီ ၂၀၂၂၊ ၃ လပိုင်း အထိတောင်မှ ပထမ ၃ လပတ်မှာမှ မကြေညာနိုင်ဘူးဆိုရင် ၂၀၂၂ ခရီး သွားရာသီ တစ်ခုလုံးအတွက် ကျနော်တို့ ဆုံးရှုံးသွားမှာပေါ့နော်။ ဒါကြောင့်မို့လို့ အနည်းဆုံး ၆ လ တစ်နှစ် ကြိုတင် ပြင်ဆင် ရတာ ဖြစ်တဲ့အတွက် အခုကြေညာပြီး အခုဖွင့်ရင်လည်း ခရီးသည်က အခု မလာနိုင်သေးပါဘူး”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စသည့် နိုင်ငံများဖြင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး အပြန်အလှန် ခရီးသွားလာမှုများ ပိတ်ထားဆဲဖြစ်သည်။ အလားတူ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်း ပြေးဆွဲ မှုများလည်း ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတကာ ခရီးသွားလာမှု နည်းပါးနေသော်လည်း ပြည်တွင်းခရီးသွားလာမှုများမှာ များပြားလျက်ရှိနေသည်။ သို့ သော် ပြည်ပ ခရီးသွားဝင်ရောက်မှု မရှိသည့် အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ တိုးတက်မှုမရှိဘဲ ဖြစ်နေကြောင်းမြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

၎င်းက “ပြည်တွင်းခရီးသွားတွေရဲ့ လည်ပတ်မှုက တော်တော်ကြီးကို စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်။ ခရီးသွားလုပ်ငန်း က မိမိကိုယ်ပိုင် ကားတွေနဲ့ မိသားစုသွားတဲ့ ပုံစံနဲ့ သွားတာလေးတွေပဲ ရှိနေသေးတဲ့အတွက် ခရီးသွားကုမ္ပဏီတွေကို ခရီးစဉ် စီစဉ်ဆောင်ရွက်ခိုင်းတာမျိုး၊ ခရီးစဉ် စီစဉ်ဆောင်ရွက်ထားတဲ့ဟာကိုမှ ခရီးစဉ်ကို လိုက်ပါပြီးတော့ စီးနင်းတာမျိုးပေါ့နော် အဲဒါ မျိုးတွေက မရှိသေးဘူး။ ဆိုလိုတာ အရင်တုန်းက ကျိုက်ထီးရိုးသွားမယ်၊ ပုဂံ၊ ညောင်ဦးသွားမယ် ငါးသောင်း၊ တစ်သိန်း ကျ မယ်ဆိုတဲ့ ခရီးစဉ်မျိုးပေါ့နော်။ အဲလို ခရီးစဉ်မျိုးမှာ လူတစ်ယောက်လည်း လိုက်နိုင်တယ်။ နှစ်ယောက်လည်း လိုက်နိုင်တယ်၊ ကိုယ့်မိသားစုပဲ ကိုယ့်ကားနဲ့ကိုယ် သွားတဲ့ပုံစံမျိုးတွေလည်း ရှိနေတယ်။ အဲတော့ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ပွင့်ပွင့်လင်း လင်း ပြောရရင် ပြည်တွင်းခရီးသွားတွေ ရှိနေပေမယ့်လည်း အလုပ်က အရမ်းမရသေးဘူး။ ပြည်တွင်း ခရီးသွားတွေကလည်း စိုးရိမ်မှုပေါ်မှာပဲ အခြေခံပြီးတော့ သွားနေသေးတာ ဖြစ်တဲ့အတွက်လေ၊ အရမ်းကြီး တိုးတက်သင့်သလောက် မတိုးတက်သေး ပါဘူး။ ခရီးသွားလုပ်ငန်းတွေ ပြည်တွင်းခရီးသွား လုပ်ငန်းတွေ၊ ပြည်ပခရီးသွားတွေကို မှီနေရတဲ့သူဆို ပိုဆိုးတာပေါ့။ သူတို့ရဲ့ အနာဂတ်တွေကတော့ စိုးရိမ်စရာ ဖြစ်နေပါပြီ”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ပြည်တွင်းခရီးသွားများသည် ကမ်းခြေဒေသများသို့ လည်ပတ်မှု များပြားနေပြီး မိသားစုလိုက် ကားစင်းလုံးဖြင့် သွားကြခြင်းကြောင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲဖြစ်နေကြကြောင်း ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။