၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

မြန်မာ- အိန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် တင်ပြထားသော်လည်း အိန္ဒိယနိုင်ငံတွင် ရောဂါ ကူးစက်မှုများ မြင့်မားနေသည့် အခြေအနေ တွင် ရှိနေခြင်းကြောင့် ကြန့်ကြာနိုင်သေးကြောင်း ကလေး - တမူး - ကလေးဝ နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဟိုဘက်မှာလည်း မဏိပူရ်မှာ ရွေးကောက်ပွဲကရှိတော့ ရှေ့လပဲ ရွေးကောက်ပွဲဆိုတော့ ဖွင့်မယ်လို့ မဟုတ်ဘူးလို့ ထင်တယ်ပေါ့နော်။ အဲဒီအခြေအနေပါပဲ ကိုဗစ်ကူးစက်တာလည်း တော်တော်များလာပြီ ဟိုဘက်မှာ အခုက။ အိုမီခရွန်က အိန္ဒိယမှာ ကူးစက်လာပြီဆိုတော့ ကူးစက်လာနိုင်တဲ့လမ်းကြောင်းက မြန်မာပြည်ထဲ ဝင်နိုင်တာ ဆိုတော့ တမူးနယ်စပ်ကနေ အများကြီး ဝင်နိုင်တယ်လေ။ ကူးလူးဆက်ဆံနေတာဆိုတော့ လူသွားရင် ထိတွေ့မှု ရှိမယ်။ ထိတွေ့မှုရှိရင် ပိုးတော့ကူးလာမှာပဲ။ ဒါလည်း စဉ်းစားရမယ့်အပိုင်းပေါ့နော့်” ဟု သူက ပြောသည်။

မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ် - ၁၉ ရောဂါ ပျံ့နှံ့မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံဘက်ခြမ်းမှ စတင်ပိတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်းများအားလုံးနီးပါး ဖွင့်လှစ် နေပြီဖြစ်သော်လည်း အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်းများကမူ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

တမူးနယ်စပ်ကုန်သွယ်ရေးမှ မြန်မာ - အိန္ဒိယ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် နှစ်စဉ်ရရှိနေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားခြင်းကြောင့် တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှုများ ပိုမိုပေါ်ပေါက်လာနေကြောင်း ကုန်သည်များထံမှ သိရသည်။

ယင်းသို့ မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်လှစ်ပါက မြန်မာနိုင်ငံဘက်ခြမ်းအနေဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် အဆင်သင့်စောင့်ဆိုင်းနေကာ အိန္ဒိယနိုင်ငံ၏ မူဝါဒသည်သာ အဓိကကျကြောင်း ဦးလှမောင်က ဆက်ပြောသည်။

“ကျနော်တို့ကတော့ ထင်တာတော့ အိန္ဒိယဖွင့်ရင်တော့ ကျနော်တို့ဘက်က ဖွင့်ဖို့ အဆင်သင့်ပဲ။ အိန္ဒိယမဖွင့်လို့ ကျနော်တို့ မဖွင့်တာပဲ။ သူတို့သာ ဖွင့်ဖို့ပဲ လိုတာပေါ့လေ။ အဓိက အိန္ဒိယ ဗဟိုအစိုးရရဲ့ အာဘော်ပါပဲ” ဟု CNI သို့ ပြောသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ကွမ်းသီးကို အဓိကထားတင်ပို့လျက်ရှိသည်။ ထို့နောက် ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာထွက်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများအား နှစ်နိုင်ငံကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းခန့် တင်ပို့ လျက်ရှိပြီး အိန္ဒိယနိုင်ငံမှ ၁၀ ရာခိုင်နှုန်းခန့်သာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်တင်သွင်းရကြောင်း သိရသည်။