၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇

၆ လကြာ ပိတ်ထားခဲ့ပြီး တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်နေသည့် ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်ကို ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံမှ ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်မှု ကြောင့် တရုတ်နိုင်ငံမှ ယာယီပိတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် စမ်းသပ်ကာလအနေဖြင့် တစ်ရက်လျှင် ကုန်ကားအစီးရေ ၃၀ နှုန်းဖြင့် ဝင်ခွင့်ပြုထားကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာရစ်က CNI သတင်းဌာနသို့ ပြောသည်။

“သူတို့ကတော့ အဝင်အထွက် အစီး ၃၀ စမယ်လို့ ပြောရှာပါတယ်။ ဘယ်လောက် လုပ်နိုင်မလဲတော့ မသိဘူး။ တစ်ရက်ကို အစီး ၃၀။ ကြံကတော့ တစ်လိုင်း လုပ်ထားတယ်။ ငှက်ပျောက တစ်လိုင်းလုပ်ထားတယ် ဒီနှစ်ခုတည်း ပဲ။ တခြားတော့ မရသေးဘူး။ တစ်ရက်ကို ခါတိုင်းကတော့ ရာချီ ဝင်နိုင်တာပေါ့။ အခုကတော့ စမ်းသပ်တဲ့အနေနဲ့ တစ်နေ့ ၃၀ လောက်ကို အရင်စမယ်လို့ ပြောတာပဲလေ” ဟု သူက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် စိုက်ပျိုးထားသည့် ငှက်ပျောများ မှည့်နေသည့် အချိန်ဖြစ်သည့်အတွက် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လိုက်ခြင်းကြောင့် အနည်းငယ် အဆင်ပြေနိုင် လိမ့်မည်ဟု ဦးလာရစ်က ဆက်ပြောသည်။

“ဖွင့်တာတော့ ကောင်းတာပေါ့။ ဒီက ပြဿနာတွေ ရှင်းရတာ နည်းနည်း ခံသာမှာပေါ့။ မဖွင့်တဲ့ကြားကနေ တစ်စီး နှစ်စီး ဖွင့်တာလည်း အဖြေတော့ နည်းနည်း လျော့သွားမှာပေါ့။ ပြဿနာတော့ လျော့သွားမှာပေါ့။ ငှက်ပျောသီးက မှည့်ကုန်တာဆိုတော့ အခုက ၃၀ ပဲရရ၊ ၁၀ ပဲရရ ဖွင့်လေကောင်းလေပေါ့” ဟု ဆိုသည်။

ဒါ့အပြင် ကချင်ပြည်နယ် လွယ်ဂျယ်မြို့၏ တစ်ဘက် တရုတ်နိုင်ငံ လာရင်းမြို့တွင်လည်း မြန်မာနိုင်ငံမှ ကုန် တင်ကား အစီး ၄၀၀ နီးပါး ပိတ်မိနေတာ ၅ လကြာမြင့်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ဝင်ခွင့်ရဖို့ကို ကား သမားများက မျှော်လင့်နေကြသည်။

ယင်းကုန်ကားများသည် တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ရင်း ကိုဗစ်-၁၉ ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်သည့် ဇူလိုင်လကတည်းက ရောက်ရှိနေကြခြင်း ဖြစ်သည်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ လွယ်ဂျယ် နယ်စပ်ဂိတ်မှတဆင့် ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၅ သန်းရှိကြောင်း သိရသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  လွယ်ဂျယ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန် စီစဉ်နေ