၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

ပြည်ပသို့  ရွှေနှင့်လက်ဝတ်ရတနာပစ္စည်း အပါအဝင် ရွှေဖြင့်ပြုလုပ်သော ပစ္စည်းများ တင်ပို့ရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက Telegraphic Transfer (TT) လက်ငင်းငွေချေစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြု ပေးခဲ့ပြီဟု ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က ရွှေနှင့်ပတ်သက်သည့် ပစ္စည်းများ တင်ပို့ရာတွင် Letter of Credit (LC)စနစ် တနည်းအားဖြင့် ပစ္စည်းရောက် ငွေချေ စနစ်ဖြင့်သာ ဆောင်ရွက်ခဲ့ရာ ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့် ပြည်ပနိုင်ငံသို့ ရွှေတင်ပို့မှုကို ရပ်ဆိုင်းထားခဲ့ရသည်။ ထို့ နောက် Telegraphic Transfer (TT) လက်ငင်းငွေချေစနစ်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုလိုက်ခြင်းကြောင့် ရွှေလုပ်ငန်းရှင်များသည် ပြည်ပသို့ တင်ပို့မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ လက်ရှိတွင် ဂျပန်နှင့် ကိုရီးယားနိုင်ငံမှ အမှာစာများ ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဉီးမျိုးမြင့်က “အခုတော့ ကျနော်တို့ ကြိုတင်ပြင်ဆင်နေကြပြီပေါ့။ ဝယ်တဲ့သူလာမယ်၊ ဒီမှာ ကျနော်တို့ ကြိုက်တဲ့ပစ္စည်းဝယ် မယ်၊ ကျနော်တို့ ပြန်ပြီးတော့ TT ပို့ပေးမယ်။ ကြိုတင်မှာယူထားတာတော့ ရှိတယ်။ ဒါပေမယ့် သူတို့က ဒီမှာလာပြီးတော့ စစ် ဆေးတာတို့ ဘာတို့ လုပ်ရအုံးမှာလေ။ ကျနော်တို့ဘက်ကလည်း ဒီဘက်က One Stop Service ကနေပြီး တန်ဖိုး ဖြတ်တာ တွေ ဘာတွေ လုပ်ပေးရအုံးမယ်။ ဂျပန်နဲ့ ကိုရီးယားပဲဗျ အခုလောလောဆယ်တော့။ အတိုင်းအတာတော့ ကျနော်တို့ ပြောလို့ မရသေးဘူးဗျ၊ အခုမှ အမှာစာတွေ ကျနော်တို့ လက်ခံတုန်းပဲ ရှိသေးတယ်”ဟု ပြောသည်။

ရွှေနှင့် လက်ဝတ်ရတနာပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်ရေးလိုင်စင် ထုတ်ပေးရာ၌ ငွေပေးချေမှုစနစ် (LC) စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ထို့ကြောင့် ရွှေနှင့် လက်ဝတ်ရတနာပစ္စည်း များကို နိုင်ငံခြားသို့ တင်ပို့ရာတွင် TT (Telegraphic Transfer) စနစ်ဖြင့် ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ရွှေရောင်းဝယ်နေကြစဉ်။

ထို့ကြောင့် စံချိန်မီ ရွှေမဟုတ်သော ရွှေ (ရွှေ၊ လက်ဝတ်ရတနာပစ္စည်း၊ ရွှေဖြင့် ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံး အဆောင် ပစ္စည်းများ)ကို တင်ပို့ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၅၀၀၀၀ (ငါးသောင်း) အောက်ဖြစ်ပါက Telegraphic Transfer (TT) စနစ်ဖြင့် လည်းကောင်း၊ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထက်ဖြစ်ပါက Letter of Credit (LC) စနစ်ဖြင့် ဆောင်ရွက်ရမည်ဟု ပြောင်းလဲခွင့်ပြု ပေးခဲ့ ခြင်းဖြစ်သည်။

 

ဦးမျိုးမြင့်က “အရင်က LC စနစ်၊ အခု ဒီကနေ ပစ္စည်းပို့လိုက်တယ်၊ ပစ္စည်းပို့ပြီးတော့ ဟိုကို ဂျပန်ကို ပစ္စည်းရောက်မှ ဘဏ် ကနေပြီးတော့ ငွေပြန်လွှဲတယ်။ ဒီမှာ LC စနစ်နဲ့ MFTB ဘဏ်မှာ LC ဖွင့်တဲ့စရိတ်ရှိတယ်။ ဟိုဘက်ဘဏ်ကနေ LC ဖွင့်တဲ့ စရိတ်ရှိ တယ်။ နောက် သယ်ယူစရိတ်၊ သယ်ယူခ၊ သယ်ယူတဲ့ အေဂျင့် အာမခံကုမ္ပဏီ၊ Logistic တွေနဲ့ သယ်တဲ့အခါမှာ ကုန်ကျစရိတ် တွေ ပို လာတယ်ပေါ့။ ပိုလာတော့ ကျနော်တို့ ၁၀၀၀ တန်ပစ္စည်းက ၅၀၀ ဈေးတက်သွားတော့ ဟိုဘက်နဲ့ ဒီဘက် အရောင်း အဝယ် မဖြစ်တော့ဘူး။ နောက် တစ်လလောက်ကြာမှ ငွေရတဲ့အခါကျတော့လည်း ကျနော်တို့ဈေးက တက်နေပြီ၊ ဒါမှမဟုတ် ကျနေ ပြီ။ ရောင်းတဲ့သူက ရှုံးရင်ရှုံး၊ မရှုံးရင် ဝယ်တဲ့သူကအရှုံး ဖြစ်သွားတယ်။ အခုလိုကျတော့ ကျနော်တို့ TT စနစ်ကျတော့ ဒီနေ့ အရောင်းအဝယ်ဖြစ်တယ်၊ ဒီနေ့ ငွေလွှဲပေးတယ်၊ ဒီနေ့ ဝင်လာတယ်၊ သူကလည်း ချက်ချင်း ပြန်ဝယ်လို့ရတယ်။ အဲတော့ ရွှေ ဈေး တက်ပေမယ့်လည်း အရှုံးအမြတ် သိပ်မရှိဘူးပေါ့”ဟု CNI သို့ ပြောသည်။

ယခင် ခွင့်ပြုထားသည့် Letter of Credit (LC) သည် ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ယခုတွင် TT (Telegraphic Transfer) စနစ်ဖြင့် ရောင်းဝယ်ခွင့်ပြုခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် ရွှေဆိုင်များ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်သည့်အပြင် ကုန်သည်များအနေဖြင့်လည်း အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ဦးမျိုးမြင့်က ပြောသည်။