၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး ထုတ်ကုန်များထဲမှ တစ်ခုဖြစ်သည့် ပြည်တွင်းတွင်စားသုံးနေသော ဆင်ဖြူကျွန်းငရုတ်အား တရုတ်နိုင်ငံမှ တန်ချိန် ၅ တန်မှာယူသော်လည်း ဈေးနှုန်းညှိနှိုင်းနေသဖြင့် မပို့ရသေးဘူးဟု ငရုတ်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။
လက်ရှိတွင် ဈေးနှုန်းကွာဟမှုရှိသည့်အတွက် ညှိနှိုင်းနေသည့်အခြေအနေမှာပဲ ရှိနေခြင်းကြောင့် မပို့ရသေးကြောင်း ငရုတ် ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က CNI သတင်းဌာနသို့ ပြောသည်။၊
ဒေါ်ဥမ္မာကျော်က “ဈေးဒီနေ့ငြိမ်ရင် ဒီနေ့ပို့လို့ရတယ်။ ဈေးက တော်တော်ကြီးကို တရုတ်ပြည်နဲ့ ကွာနေတယ်။ ကွာတယ်ဆို အစ်မတို့က ကားခတွေ ရှိသေးတယ်လေ။ ကားခရယ် နောက်ပြီးတော့ စောင့်ရမယ့်ရက်တွေ ရှိသေးတယ်ဆိုတော့ အဲ့ဒါကို အစ်မတို့ ချိန်နေတာ။ တရုတ်ဈေးက အစ်မတို့ထက် ၄၊ ၅ ကျပ်လောက်ကွာနေတယ် တစ်တန်ပေါ်မှာပေါ့နော်။ တရုတ်ဘက် က ဈေးကိုက်ရင် ကိုက်သလိုမှာတယ်။ ဟိုဘက်က နည်းနည်းတောင် ပိုပေါနေသေးတယ် အစ်မတို့ထက်။ ကားခကတော့ ဈေးကျတယ်။ ဒါပေမယ့် ငရုတ်ဈေးလေးက မြန်မာနိုင်ငံက တစ်ခုရှိတယ် နိုင်ငံခြားကဝယ်ပြီဆိုရင် အဲ့သတင်းတွေဘာတွေ ပြောလိုက်ပြီဆိုရင် ဈေးတွေအကုန်လုံး တက်ကုန်ရော။ တက်ကုန်တဲ့ အခါမှာတော့ ဟိုမှာကျ နိုင်ငံတကာဈေးကွက်နဲ့ ချိန်ရ မှာလေ။ ကုလားပြည်ကလည်း လာတာရှိတယ်။ ရှိသမျှနိုင်ငံက လာတာရှိတယ်။ အဲ့ဒီတော့ အစ်မတို့ ဈေးကတော့ နည်း နည်းလေး ဈေးစကားပြောနေတာပေါ့နော်”ဟု ပြောသည်။
ငရုတ်သီးများကိုတွေ့ရစဉ်။
ငရုတ်သီးအား မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးကြပြီး လက်ရှိတွင် တရုတ်မှ မှာယူသည့်အတွက် ဆင်ဖြူူကျွန်းငရုတ်မှာ ဈေးတက်နေကြောင်း၊ သို့သော် တခြားငရုတ်ဈေးကွက် မှာ ဈေးကျနေသည့် အနေအထားဖြစ်ကြောင်း သိရသည်။
ဒေါ်ဥမ္မာကျော်က “အခုက ငရုတ်က ယိုးဒယားဘက်မှာ အရမ်းသွက်နေတော့လေ နောက်တရုတ်ပြည်ထဲ ထွက်ပေါက်မရှိတဲ့ အခါကျတော့ ငရုတ်တွေက ပြုံနေတယ်။ သူတို့ ထိုင်းမှာလည်း ငရုတ်တွေက အရမ်းများနေတယ်။ များတဲ့အခါကျတော့ အစ်မတို့ဆီမှာ နည်းနည်းလေး ငရုတ်ဈေး ပြုတ်ကျတာပေါ့။ ပြုတ်ကျတော့ အသွားအလာ နည်းနည်း နည်းတာပေါ့။ မနှစ် ကဆို ဒီအချိန်မှာဆို အစိမ်းတောင်မှ ၅၀၀၀ လောက်ရှိတယ်။ အခုက ထောင်ကျော်ပေါ့ ၁၅၀၀ လောက် ဘာတို့ အဲ့လောက်ပဲ ရှိတယ်။ ဈေးက အရမ်းကွာသွားပြီ။ မကိုက်ကြဘူး”ဟု CNI သို့ ပြောသည်။
ငရုတ်စိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်စိုက်ဧကများအား လျှော့စိုက်ထားကြကြောင်း၊ အလားတူ ရာသီဥတု လည်း မကောင်းသဖြင့် ဧရာဝတီတိုင်းဒေသကြီးဘက်တွင် အထွက်နည်းနိုင်ကြောင်း သိရသည်။
မြန်မာ့ ငရုတ်သီးများအနက် သာမို ၁၁၊ ၆၉၂၊ ၇၇၇၊ စတားဟော့၊ ဂိုးလ်စတားနှင့် ဆန်ရှိုင်း စသည့် ငရုတ်မျိုးများသည် ပြည်ပ နိုင်ငံများတွင် ဈေးကွက်ကောင်းမွန်လျက်ရှိပြီး ၆၉၂ အား ဝယ်လက်အများစု ကြိုက်နှစ်သက်ကြကြောင်း သိရသည်။
အဆိုပါ ငရုတ်သီးများသည် ယခင်က ပြည်ပနိုင်ငံသို့ တင်ပို့မှု အနည်းငယ်သာရှိခဲ့ပြီး ပြည်ပမှ ဝယ်လက်များ ကြိုက်နှစ်သက် ကြသည့်အတွက် ယခုနောက်ပိုင်းတွင် ပုံမှန်လုပ်ငန်းအနေဖြင့် စိုက်ပျိုးလာ၍ ပြည်ပသို့ တင်ပို့ ရောင်းချလာကြခြင်း ဖြစ် ကြောင်း သိရသည်။