၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉
မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်း သစ်တစ်ခုကို တည်ဆောက်မည့် စီမံကိန်းကို နစက က နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်း စီမံကိန်းများနှင့်ပတ်သက်ပြီး မွန်ပြည်နယ်မှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာ အောင် နိုင်ဦးကတော့ လက်ရှိ ရှိနှင့်နေပြီးသား လေဆိပ်ကို အဆင့်မြှင့်တင်သင့်ကြောင်းနှင့် မွန်ပြည်နယ်အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် အသုံးဝင်မည့် ဆိပ်ကမ်း၊ စီးပွားရေးဇုန် နှင့် သက်ဆိုင်သည့် လေယာဉ်ကွင်းကို ဆောင်ရွက်စေလိုကြောင်း CNI သတင်းဌာနကို သုံးသပ်ပြောဆိုသည်။
“အဓိကကတော့ ကျနော်တို့ကတော့ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးပေါ့နော် ဒီအပိုင်းကို ကျနော်တို့ ကြည့်တဲ့အခါကျတော့ လက်ရှိ ရှိနေတဲ့ လေယာဉ်ကွင်းကို အဆင့်မြှင့်ပြီးတော့ ပြန်ပြီးတော့ အသက်ဝင်အောင် ပေါ့နော် အသုံးပြုဖို့ များအောင်တော့ လုပ်ပေးစေချင်ပါတယ်။ ဒါကတော့ တစ်ချက်ပေါ့နော်။ တစ်ချက်ကကျတော့ ရေးမြို့နယ်ဘက်ခြမ်းပေါ့။ ရေးမြို့နယ်ကျတော့ သိတဲ့အတိုင်းပဲ ခရီးသွားလာရေးအတွက်ရော၊ ကုန်စည်စီးဆင်းမှု အတွက်ရော တော်တော်လေးကို အလှမ်းဝေးတဲ့နေရာပေါ့နော်။ ဆိုတော့ တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာလည်း SEZ ပေါ့နော်။ အကယ်၍များ အဲဒီလိုမျိုး စီးပွားရေးဇုန်ပုံစံမျိုးနဲ့ လုပ်မယ်။ တစ်ဖက်ကလည်း ရေနက်ဆိပ်ကမ်းအနေအထားအရ လုပ်မယ်ဆိုလို့ရှိရင် လေယာဉ်ကွင်းကို ရေးမြို့နယ်တစ်ဝိုက်မှာ ထားမယ်ဆိုရင် လည်း မမှားဘူးလို့ ကျနော်ထင်တယ်။ သို့သော်လည်းပဲ သူတို့ဘက်က ရည်ရွယ်ချက်က ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့က မသိဘူးလေ။ အကယ်၍ လူထုအတွက် လိုလားချက်လို့ ပြောရင်တော့၊ မွန်ပြည်နယ်အတွက် လိုလား ချက်လို့ ပြောရင်တော့ ကုန်စည်စီးဆင်းမှု ကောင်းမွန်အောင် ဖန်တီးပေးနိုင်တဲ့ ဆိပ်ကမ်းလိုမျိုး၊ ဒါမှမဟုတ်ရင် လည်း စီးပွားရေးဇုန်လိုမျိုး၊ ဒါမှမဟုတ်ရင်လည်း စီးပွားရေးဇုန်နဲ့ လိုက်လျောညီထွေဖြစ်မယ့် လေယာဉ်ကွင်း လေယာဉ်အတက်အဆင်း လမ်းကြောင်းတွေ အဲလိုမျိုးတွေ ဖန်တီးပေးနိုင်ရင်တော့ ပိုပြီးတော့ အသုံးတည့် လိမ့်မယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းကြီးများ မရှိသေးသော်လည်း ယခုပြုလုပ်မည့် နိုင်ငံတကာ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းစီမံကိန်းကြောင့် မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ နိုင်ပြီး မွန်ပြည်နယ်ထုတ်ကုန်များကို ပြည်ပနိုင်ငံသို့ တင်ပို့သည့်အခါ အထောက်အကူ ဖြစ်လာနိုင်ကြောင်း မွန်ပြည်နယ် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇော်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ကတော့ ဖြစ်ရင်တော့ ကောင်းတာပေါ့။ ဒါက ကိုယ့်တစ်ယောက်တည်း မဟုတ်ဘဲ အများပြည်သူ အတွက်လေ ဟုတ်တယ်မလား။ ဖြစ်ချင်တယ်ပေါ့။ လုပ်ငန်းလုပ်နေတော့ ဖြစ်ရင်တော့ ပိုပြီးတော့ ကောင်းတာ ပေါ့။ အဆင်ပြေတာပေါ့ ဒါဆိုရင် ကျနော်တို့အနေနဲ့ နိုင်ငံခြားပို့ကုန်တွေပေါ့ ကျနော်တို့ နီးနီးနားနားဆိုရင် ကျနော်တို့ အဆင်ပြေတာပေါ့။ လုပ်ငန်းတော့ အဆင်ပြေတာပေါ့ နီးနီးနားနားဆိုရင်။ အဝေးကြီး သွားစရာ မလိုဘူး။ နိုင်ငံခြားပို့ကုန်တော့ မရှိသေးပါဘူး အခုလောလောဆယ် ကျနော်တို့ ပြည်တွင်းလောက်ပဲ။ ဖြစ်လာရင်တော့ ပြောလို့မရဘူး လုပ်ငန်းက ကြီးလာရင် ကျနော်တို့ ပို့ကုန်တွေ ဘာတွေ ဖြစ်လာရင် ဖြစ်လာ လိမ့်မယ်ပေါ့။ အခု မွန်ပြည်နယ်မှာ လုပ်ငန်းကြီးကြီးမားမား ဘာမှ မရှိသေးဘူး။ တကယ့်အကြီးမားလုပ်ငန်း လုပ်တာ မရှိသေးဘူး။ အဲဒါပဲ ဖြစ်စေချင်တယ်ပေါ့နော်။ သူတို့ရှိရင်တော့ ပြောလို့မရဘူးလေ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာရင်တော့ ဝင်လာမယ်ပေါ့ တကယ်လို့ ဆိပ်ကမ်းရှိရင်၊ လေဆိပ်ရှိရင် သူတို့လာမယ်လေ။ ဒါက အများ ပြည်သူအတွက်ဆိုရင် ဖြစ်သင့်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် မြန်မာ - ဂျပန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အတွင်း မွန်ပြည်နယ်၌ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ပြီး သီလဝါ အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်ကာ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဂျပန်ထိပ်သီး စီးပွားရေးကော်ပိုရေးရှင်း များ ဖြစ်ကြသည့် မစ်ဆူဘီရှီ၊ ဆူမီတိုရီ၊ မာရူဘီနီနှင့် ကာဗာကီ၏ ကိုယ်စားလှယ်များအပါအဝင် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
သို့သော် နစက အကောင်အထည်ဖော်မည့် မော်လမြိုင်မြို့အနီးရှိ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ လေယာဉ်ကွင်း အတွက် မိတ်ဖက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် အဖွဲ့အစည်းနှင့် နိုင်ငံများကို ထည့်သွင်းကြေညာထားခြင်း မရှိသလို အသေးစိတ်အချက်အလက်များကိုလည်း ကြေညာထားခြင်း မရှိကြောင်း တွေ့ရသည်။
မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်း တည်ဆောက်မှု စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီတရပ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်ဟု နစက က ထုတ်ပြန်ကြေညာခဲ့သည်။