၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အတွင်း ဒေသခံများ ကန့်ကွက်သည့်ကြားမှ စက်သုံးဆီဆိုင် ဆက်လက် ဆောက်လုပ်နေသည့် အတွက် ဒေသခံများမှ ဆန္ဒထုတ်ဖော် ကန့်ကွက်သွားမည်ဟု ဒေသခံ ကိုရဲလင်းအောင်က CNI  သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့အတွင်း စက်သုံးဆီဆိုင် ဆောက်လုပ်နေခြင်းအပေါ် ဆန္ဒထုတ်ဖော် ကန့်ကွက်သွားနိုင်ရေးအတွက် သက်ဆိုင် ရာသို့ စာတင်ထားကြောင်း၊ မည်သည့် အချိန်တွင် ဆန္ဒထုတ်ဖော်မည်ကိုတော့ စာမကျလာသေးသည့်အတွက် မပြောနိုင်သေး ကြောင်း ၎င်းက ပြောသည်။

ကိုရဲလင်းအောင်က “ဆန္ဒထုတ်ဖော်ဖို့အတွက် ကျနော်တို့ စာတင်ထားပါတယ်။ ကျနော်တို့ အဲ့ဒါကို စောင့်နေတာပါ။ ကျနော် တို့ဘက်က အစီအစဉ်က လုပ်နေတုန်းပဲရှိသေးတယ်။ ဟိုက ခွင့်ပြုမပြုဆိုတာ ပြန်ပြီးတော့ result မရသေးလို့”ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီသုံးစွဲမှုကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် တောင်ကုတ်မြို့ စည်ပင်သာယာ ဧရိယာ အပါအဝင် တောင်ကုတ်မြို့အတွင်း စက်သုံးဆီများ လုံးဝ သိုလှောင်ရောင်းချခြင်း မပြုရန် မီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၇ အရ အသိပေး တားမြစ်ထားသည်။

အဆိုပါ နေရာများတွင် စက်သုံးဆီများ သိုလှောင်ရောင်းချခြင်းပြုပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင်  တောင်ကုတ်ဒေသခံများ ကန့်ကွက်နေသော ဆောက်လုပ်နေဆဲ စက်သုံးဆီဆိုင်သည် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်သည့်အတွက် စည်ပင်ဧရိယာထဲမှာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ ကန့်ကွက်နေသည့် စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုကိုတွေ့ရစဉ်။

စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုအား ဒေသခံများက ကန့်ကွက်နေကြပြီး အစိုးရဌာနဆိုင်ရာများသို့ စာတင်ပို့ထားကြောင်း၊ သို့သော် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိကြောင်း ရာအိမ်မှူးတစ်ဦးဖြစ်သည့် ဦးအောင်စိုးက ပြောသည်။

၎င်းက “အထက်လူကြီးများ တောင်းဆိုတာပါ။ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီးတော့ မှန်မှန်ကန်ကန်လေး ဆောင်ရွက်စေချင် တယ်။ ဘာပဲပြောပြော အန္တရာယ်ကြီးတာပေါ့‌ဗျာ။ အဲ့ဒီလုပ်နေတဲ့ ပုဂ္ဂိုလ်မှာလည်းဗျာ မြေတွေအများကြီးရှိပါတယ် မြို့ပြင်မှာ။ အဲ့ဒီ မြို့ပြင်တွေမှာလုပ်လို့ ရပါတယ်။ သူက လက်ရှိ ဒီနေရာကြီး လုပ်တယ်ဆိုတာကတော့ နည်းနည်း စီးပွားရေး တအားဆန် လွန်းအားကြီးတယ်။ ဒါကိုတော့ အထက်ဌာနတွေအနေနဲ့ နည်းနည်းကြည့်စေချင်တာပေါ့ဗျာ။ ပြည်သူအများကို ကြည့်စေချင် တာပေါ့။ တစ်ဦးကြည့်မှာလား အများကြည့်မှာလား။ ဒါကိုတော့ သုံးသပ်ဖို့တော့ လိုတာပေါ့”ဟု CNI သို့ ပြောသည်။

ဇန်နဝါရီ လဆန်းပိုင်းက တောင်ကုတ်မြို့ မြို့ပြင်ဘက်တွင် ဖွင့်ထားသည့် စက်သုံးဆီဆိုင် တစ်ဆိုင် မီး‌လောင်မှု ထပ်မံဖြစ်ပွား ခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်မှုပိုများလာကြောင်း သိရသည်။

ဒေသခံ ကိုထွန်း(အမည်လွှဲ)က “ကျနော်တို့က ဒါကတော့ ရပ်ကွက်ထဲမှာ မီးဘေးအန္တရာယ်လေ။ မီးဘေးအန္တရာယ်ဆိုတာက အတိအကျပြောလို့ မရဘူး။ သူ့ဆီဆိုင်က မဖြစ်ဘဲ ရပ်ကွက်ထဲမှာ ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိတယ်။ အိမ်တွေရှိတော့ သူ့ နေရာက မဖြစ်ရင်တောင် ဘေးပတ်ဝန်းကျင်အိမ်တွေက မီးအန္တရာယ်ဖြစ်လာရင် သူ့ဆီကူးစက်လို့ရှိရင် ဒီမီးလောင်မှုအားက ပိုပြီး ပြန့်သွားနိုင်တဲ့ အနေအထား။ ရပ်ကွက်ကလည်း အိမ်ခြေ ၁၈၀၀ လောက်ရှိတယ်။ အဲ့နေရာမှာ သူက ဆောက်တာဆို တော့ သိပ်ပြီးတော့ မသင့်တော်ဘူးလို့ ထင်တာပေါ့။ ပြီးတော့ မြို့မိ မြို့ဖတွေနဲ့ ဌာနဆိုင်ရာတွေ ထုတ်ထားတဲ့ စည်းကမ်းကို လည်း သူက ချိုးဖောက်တဲ့ အနေအထားဖြစ်သွားပြီပေါ့”ဟု CNI သို့ ပြောသည်။

လက်ရှိ ဆောက်လုပ်နေသည့် စက်သုံးဆီဆိုင်သည် မည်သည့် အာဏာပိုင်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေ သည်ကိုတော့ မသိရှိရသေးကြောင်း၊ ဆိုင်ဆောက်လုပ်မှုသည် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။