၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အဓိက ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် ကျယ်ဂေါင် - မန့်ဝိန်းဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း အကြောင်းကြားလာခြင်း တစုံတရာ မရှိသေးကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

ကျယ်ဂေါင် - မန့်ဝိန်းဂိတ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်ဘက်ကနေ ယာယီပိတ်ထားခဲ့ခြင်းကြောင့် ကုန်သွယ်မှု၌ အခက်အခဲများဖြစ်ပေါ်နေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“သူတို့ ဘာတွေပြင်ဆင်နေလဲတော့ မသိဘူး။ လောလောဆယ် မြန်မာပြည်ဘက်က သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဘာမှ အကြောင်းမကြားဘူး။ ကျနော်တို့ကို ဘယ်နေ့ဖွင့်မယ် ၁ လပိုင်းဖွင့်မယ်၊ တရုတ် နှစ်သစ်ကူး ပြီးဖွင့်မယ် ဘာမှလည်း မပြောထားဘူး။ အဲတော့ ပြောရခက်တယ် မှားသွားရင် မကောင်းဘူးလေနော့်။ အခက် အခဲကတော့ အရင်တုန်းက မန့်ဝိန်းဂိတ်ကို တစ်နေ့ အစီး ၃၀၀ - ၄၀၀ လောက် ဝင်တယ်၊ ၃၀၀ - ၄၀၀ လောက် ထွက်တယ်။ အခုကကျတော့ ဝင်လို့ ထွက်လို့ကို ပိတ်လိုက်တဲ့အတွက် ကျင်စန်းကျော့ကနေ ထွက်ရတယ်။ ကျင်စန်းကျော့မှာကျတော့ တစ်နေ့ အစီး ၃၀ - ၄၀ လောက်ပဲ ဝင်နိုင်တယ်၊ ၃၀ - ၄၀ လောက်ပဲ ထွက်နိုင်တယ် ဆိုတော့ ကုန်စည်စီးဆင်းမှုက ယခင်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ အများကြီး အခက်အခဲတွေ ဖြစ်တာပေါ့။ ကားအခက်အခဲတွေ၊ နောက်တစ်ခါ ကားပို့ဆောင်ခတွေ ဈေးတွေတအားမြင့်တက်သွားတယ်၊ အဲဒီ အခက်အခဲတော့ ကြုံတွေ့ရတယ်” ဟု ပြောသည်။

ကျယ်ဂေါင် - မန့်ဝိန်းဂိတ်သည် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏ ရာခိုင်နှုန်း အများဆုံး ကုန်သွယ်ရာဂိတ်တစ်ခုဖြစ်ပြီး ကိုဗစ်ကူးစက်မှုကြောင့် ပိတ်ထားရသည်မှာ ၉ လကျော် ကြာမြင့်နေပြီ ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက် (၆) ခုရှိသော်လည်း လက်ရှိတွင် ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ ဖွင့်လှစ်ထားခြင်းကြောင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းနှင့် ကုန်ကား အရေအတွက် လောက်ငှမှုမရှိခြင်းများ ကြုံတွေ့နေရကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့ကြောင့် တရုတ် - မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသည့် ကျယ်ဂေါင် - မန့်ဝိန်းဂိတ်ကို ဖွင့်လှစ်ပေးမည် ဆိုပါက ကုန်သွယ်ရေး အလားအလာကောင်းမွန်တိုးတက်လာမည်ဖြစ်ကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။

“မြန်မာပြည်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တွေ ၆ ဂိတ် ၇ ဂိတ်လောက်ရှိတဲ့အထဲမှာ မူဆယ်မှာ ၃ ဂိတ်ရှိတယ်။ မူဆယ်မှာရှိတဲ့ ဒီ ဂိတ်ဟာ ကုန်သွယ်မှု အများဆုံးဖြစ်တယ်။ ဒါကြောင့်လည်း မူဆယ်မြို့မှာ ဒီဂိတ်တစ်ဂိတ်ပဲ ကုန်တင်ကားတွေ ဝင်လို့ရတယ်၊ ကုန်တင်ကားတွေ ထွက်လို့ရတယ်။ လူအဝင်အထွက် လုပ်လို့ရတယ်။ ဆိုင်ကယ် တွေ အဝင်အထွက် လုပ်လို့ရတယ်။ အိမ်စီးကားတွေ အဝင်အထွက် လုပ်လို့ရတယ်။ ဒီဂိတ်ကြီးက မူဆယ်မြို့မှာ ဆိုရင် အကြီးဆုံးဂိတ်။ တရုတ် - မြန်မာ နယ်စပ်ဂိတ်ထဲမှာ အကြီးဆုံးဂိတ်ပဲ။ အခု ကျင်စန်းကျော့ ရောက်နေပြီ အခု ဒီဂိတ် ပိတ်ထားတဲ့အတွက် ကျင်စန်းကျော့မှာ သွားနေရတာ။ ကျယ်ဂေါင် - မန့်ဝိန်းဂိတ်ကို ပြန်လည် ဖွင့်လှစ်မယ်ဆိုရင်တော့ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိုပြီး တိုးတက်လာမယ်လို့တော့ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များအနက် ရှမ်းပြည်နယ်မှ ကျင်စန်းကျော့ဂိတ်၊ ကချင်ပြည်နယ်မှ ကန်ပိုက်တီဂိတ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကိုသာ ဖွင့်လှစ်ထားပြီး ကျယ်ဂေါင် - မန့်ဝိန်းဂိတ်၊ မူဆယ် (နန်းတော်ဂိတ်)၊ ဆင်ဖြူဂိတ်၊ ကြူကုတ် (ပန်ဆိုင်း)ဂိတ်၊ ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ပေးထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်မှု၌ ကျယ်ဂေါင်၊ မူဆယ်နှင့် ဆင်ဖြူဂိတ်တို့မှ နှစ်စဉ် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ နီးပါးနှင့် ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၅၀၀၀ ဝန်းကျင် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။