၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့တွင် ဒေါ်လာသန်း ၃၀၀ ခန့် အကုန်ကျခံဆောက်လုပ်မည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းအားအစိုးရပိုင်းဆိုင်ရာ ခွင့်ပြုချက်များ‌ပေါ်မူတည်ကာ ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်ခြေရှိကြောင်း နိုင်ငံတကာအဆင့်မီ ငါးလေလံစီမံကိန်းတာဝန်ခံ ဦးဟန်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ထိုစီမံကိန်းအား ၇ နှစ် သတ်မှတ်ထားကြောင်း၊ လက်ရှိတွင် စီမံကိန်းတည်ဆောက်ရန်အတွက် မြေနေရာအား နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးချယ်ပေးထားပြီးဖြစ်ကြောင်း၊ အကျယ်မှာ ဧက ၇၀၀ ခန့်ရှိကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ငါးလေလံစီမံကိန်းတာဝန်ခံ ဦးဟန်ထူးအောင်က “ကျနော့်အထင်ပေါ့လေ အခုလူကြီးကလည်း ခွင့်ပြုပေးထားတယ်။ အစိုးရပိုင်းဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း အမြန်ဆုံးဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့က ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ စနိုင်မယ့် သဘောရှိပါတယ်။ ဘာလို့ဆို မိုးတွင်းမှာတော့ ကျနော်တို့က စဖို့ဘယ်လိုမှ အဆင်မပြေသလို မိုးတွင်းမှာလည်း ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုံးဝမရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မိုးတွင်းကျတော့ အဲဒီနေရာတွေက ဝင်ရထွက်ရခက်သလို နောက်ပြီး ရေထဲမှာ လုပ်ရမယ့်လုပ်ငန်းဖြစ်တဲ့အတွက် မိုးတွင်းမှာ အလုပ်လုပ်ရတာ ပိုပြီးတော့ အခက်အခဲ ရှိပါတယ်”ဟု CNI သို့ ပြောသည်။

နစက ဥက္ကဋ္ဌအား မြိတ်မြို့က ကျွန်းစုဓာတ်ပုံကို ပေးအပ်နေစဉ်။

အဆိုပါ စီမံကိန်းအား အဆင့်(၄)ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ Phase 1, 2, 3, 4 ဟူ၍ တင်ပြခဲ့ပြီး Phase 1 အား ခွင့်ပြုခဲ့ပြီးဖြစ်၍ ထိုအတွက် သိန်း ၁၅၀ အား အသုံးပြု လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ပထမအဆင့်အနေဖြင့် ငါးလေလံစျေးကို ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး မြန်မာ့ရေထွက်ကုန်များမှာ ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေရကြောင်း၊ မြန်မာနိုင်ငံတွင် ငါးစျေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်သည့် အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဟန်ထူးအောင်က ဆိုသည်။

မြိတ်မြို့မှာ တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးစီမံကိန်းအခြေပြမြေပုံ။

၎င်းက “ဒုတိယအဆင့်ကတော့ ကျနော်တို့က စက်မှုဇုန်ဖော်ချင်တာပေါ့။ စက်မှုဇုန် ဖော်ချင်တယ်ဆိုတာကတော့ ကုန်ချော ထုတ်လုပ်နိုင်တဲ့အဆင့်ကို သွားချင်တာပေါ့။ လက်ရှိတော့ ပြည်တွင်းလုပ်ငန်းရှင် တော်တော်များများက ထိုင်းကိုပဲ သွားပြီးတော့ရောင်းချနေရတဲ့ အပိုင်းတွေရှိတာပေါ့။ ထိုင်းကို ရောင်းတဲ့အခါကျတော့ ကျနော်တို့က ကုန်ကြမ်းအနေနဲ့ ရောင်းရတာ ဆိုတော့ လိုချင်တဲ့ဈေး ကိုယ်သတ်မှတ်တဲ့ ဈေးနှုန်းမရတဲ့ အခါကျတော့ နစ်နာဆုံးရှုံးမှု ထိခိုက်မှုလေးတွေ အနည်းနဲ့အများဆို သလိုရှိတာပေ့ါ။ တကယ်လို့သာ ကိုယ့်မှာ အအေးခန်းစက်ရုံတွေ၊ ကုန်ချောထုတ်လုပ်နိုင်တဲ့ စက်ရုံတွေရှိမယ်ဆိုရင် ထိုင်းကို အဓိက အားကိုးပြီးတော့ ရောင်းနေစရာ မလိုဘူးပေါ့။ ကိုယ့်ပြည်တွင်းမှာပဲ ကုန်ချောအဖြစ်နဲ့ပြောင်း ပြောင်းပြီးတော့ ပြည်ပကို တင်ပို့မယ်ဆိုရင် နိုင်ငံခြားဝင်ငွေလည်း ပိုရမယ်။ အခွန်လည်း နိုင်ငံတော်အတွက်ရမယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ထိုက်သင့်တဲ့ အကျိုးအမြတ်ရမှာပေါ့” ဟု ပြောသည်။

ထိုစီမံကိန်းသည် ဒေသခံများနှင့် လုပ်ငန်းရှင်များအတွက် အလုပ်အကိုင် အခွင့်လမ်းများ ပေါ်လာမည်ဖြစ်ကြောင်း ဉီးဟန်ထူးအောင်က ပြောသည်။

နိုင်ငံတကာအဆင့်မီ ငါလေလံဈေး တည်ဆောက်ရာမှာ ပထမအဆင့်အနေဖြင့် ကမ်းဝေးကမ်းနီး ငါးဖမ်းလှေ ၁၀၀ ခန့် ၂၄ နာရီ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားများ တည်ဆောက်မည်ဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်ထည်ဖော်ဆောင်ရာတွင် လယ်ယာမြေများအား အသုံးမပြုရန်လည်းမှာကြားထားကြောင်း သိရသည်။