၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁

ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံမှုကြောင့် တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်လိုက်ခြင်းကြောင့် လွယ်ဂျယ်-လာရင်း နယ်စပ်ဂိတ်ကနေ တရုတ်ပြည်ဘက်တွင် ပိတ်မိနေသော မြန်မာကုန်ကား အစီးရေ ၄၀၀ ကျော်သည် ယနေ့အချိန်ထိ ပြန်လည်ထွက်ခွာခွင့်မရသေးပဲ ဖြစ်နေကြောင်း ကုန်ကားပိုင်ရှင်များက ပြောသည်။

ကချင်ပြည်နယ် လွယ်ဂျယ်-လာရင်း နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဇူလိုင် ၁၁ ရက်တွင် ပိတ်ခဲ့ခြင်းကြောင့် တရုတ်ပြည်မှာ ရောက်ရှိနေသော မြန်မာကုန်ကားများ ၆ လကျော်ကြာ ပိတ်မိနေသည့်တိုင် ပြန်လည်ထွက်ခွာခွင့်မရသေးဘဲ ဖြစ်နေသည့်အတွက် အခက်အခဲများဖြစ်နေကြောင်း ကုန်ကားပိုင်ရှင်များက ပြောသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်နိုင်ငံမှ ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း ပိတ်မိနေခဲ့သည့် ကုန်ကားများကိုမူ ထုတ်ပေးခြင်း မရှိသေးကြောင်း၊ ကုန်ကားများ ပြန်လည်ထွက်ခွာခွင့် ရရှိရေး ဆန္ဒပြတောင်းဆိုရမည့် အခြေအနေဖြစ်နေကြောင်း ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုအောင်ကျော်ထွေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆန္ဒပြတာကတော့ ပြောရမယ်ဆိုရင် မဖြစ်မနေဆိုမှ ဆန္ဒပြတော့မယ်ဗျာ။ ဒီအတိုင်းကြီး ကျနော်တို့က အဘက်ဘက်က စဉ်းစားပြီးတော့ ဘေးကနေပြီးတော့ အထက်ပိုင်းလူကြီးတွေ ညွှန်မှူးတို့ပဲ သွားမေးမယ်ပေါ့ဗျာ။ ဒီလောက်ပဲ တတ်နိုင်တော့တယ်။ ဆန္ဒပြဖို့ဟာကတော့ အခုလောလောဆယ်ကတော့ အတွေးလောက်ပဲ ရှိတာပေါ့။ တကယ်တမ်း လုပ်ဖို့ကျတော့ နည်းနည်း စဉ်းစားရမှာပေါ့။ ကျနော်တို့က အခု ဖြစ်စေချင်တာက ဆန္ဒမပြဘဲနဲ့ အထက်လူကြီးတွေ သိပြီးတော့ဗျာ ဒီကားလေးတွေ ထုတ်ပေးရေးကို ကျနော်တို့က လိုလားတာပဲဗျာ။ အဲဒါ ဘယ်လိုနည်းနဲ့ အဆင်ပြေနိုင်မလဲ”ဟု ပြောသည်။

အဆိုပါ ပိတ်မိနေသော ကုန်ကားများသည် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့ရင်း ကိုဗစ် - ၁၉ ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ နယ်စပ်ဂိတ်ကို ပိတ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၊ လာရင်းမြို့မှာ ယနေ့ထိတိုင် ပိတ်မိနေခြင်းဖြစ်သည်။

ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဦးလာရစ်ကတော့ ဆန္ဒပြခြင်းကြောင့် ထူးခြားမှု ရှိမည်မဟုတ်ကြောင်း၊ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊ ကုန်ကားများ ထွက်ခွာခွင့်ရရှိရေးကို ကြိုးပမ်းနေကြောင်း CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြန်လည်ပြီးတော့ စိစစ်ပြီးတော့ မြန်မြန်ဆန်ဆန် ထွက်လာနိုင်အောင် ကျနော်တို့လည်း ကြိုးစားနေပါတယ်။ ဆန္ဒပြ လည်း ဘာမှထူးမှာ မဟုတ်ဘူး။ ညှိနှိုင်းယူတာပဲ အကောင်းဆုံးဖြစ်မှာ။ ဆန္ဒပြလို့ပြီးတာမှ မဟုတ်တာကိုး။ ကိုယ့်နိုင်ငံက ဖြစ် တဲ့ ကိုယ့်နိုင်ငံကကား၊ ကိုယ့်အစိုးရကတော့ ဒါကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ရင်တော့ ကောင်းတဲ့လက္ခဏာပဲလေ။ အဲဒါ ကြောင့် ကျနော်တော့ ပြောတယ်လေ မင်းတို့လုပ်တဲ့အခါ စနစ်တကျ လုပ်ကြပါလို့။ ကောင်းကောင်းမွန်မွန်နဲ့ ညှိနှိုင်းပါ အကောင်းဆုံးပဲ ဖြစ်မှာပါလို့။ အစိုးရကို လူမိုက်ခေါ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့။ ကောင်းကောင်းမွန်မွန်နဲ့ ညှိညှိနှိုင်းနှိုင်း လုပ်တာ ကောင်းပါတယ်လို့။ ကျနော်တို့လည်း ပြောဆိုနေတာပဲ သူတို့လည်း လုပ်ဖို့ အစီအစဉ်ရှိတယ်၊ ဒီကားတွေကို ဘယ်သူ့ ဥစ္စာ ဘယ်သူ့ဥစ္စာ တိတိကျကျပေါ့နော်။ သူတို့လည်း ပြန်လည် စီစစ်ဖို့တော့ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကုန်ကားများ ပိတ်မိနေခြင်းနှင့် ပြန်လည်ထွက်ခွာခွင့်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြား တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးဘူးဟု ကုန်ကားပိုင်ရှင်များက ပြောသည်။

ကုန်ကားပိုင်ရှင် တစ်ဦးဖြစ်သူ ကိုအောင်ကျော်ထွေးက “ကျနော်တို့ကားတွေက ၇ လလောက် ရှိပြီလေ အတွင်းထဲမှာ။ ၇ လ လောက်ရှိတော့ ဒီကားတွေပေါ်မှာပဲ မှီခိုစားသောက်နေတဲ့ သူတွေဆိုတော့ အခု ဒီကားတွေက အတွင်းထဲမှာဆိုတော့ ဘယ်နေ့ ဘယ်အချိန် ပြန်ထွက်မယ်နဲ့ တခြားအလုပ်လုပ်လို့လည်း အဆင်မပြေဘူး ဖြစ်နေတာ။ အခု ဒီကားက လုံးလုံးထွက်မလာ တော့ဘူး သူတို့ ပိတ်လိုက်ပြီဆိုရင်လည်း ကျနော်တို့က ဘေးအလုပ် ရှာလို့ရသေးတယ်။ အခုဟာက ဒီနေ့ထွက်မယ်၊ မနက်ဖြန် ထွက်မယ်နဲ့ ဒီကားကြီး မျှော်နေရတာနဲ့ ဘေးအလုပ်လည်း လုပ်မရဘူး ဖြစ်နေတာ”ဟု CNI သို့ ပြောသည်။

လက်ရှိ မြန်မာကုန်ကားများ ပိတ်မိနေသည့် လွယ်ဂျယ်နယ်စပ်တွင် ကုန်သွယ်ရေးများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ကုန်ကားများ ဝင်ထွက်ခွင့်မပြုဘဲ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကြံ၊ ငှက်ပျောများကို ကရိန်းများဖြင့် သယ်ဆောင်၍ ကုန်သွယ်နေကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ - တရုတ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး သွင်းကုန်အနေဖြင့်မူ အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ကုန်သွယ်မှုရှိကြောင်း သိရသည်။