၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးတွင် ကွန်တိန်နာဖြင့် ကုန်သွယ်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ ကုန်သွယ်မှု ပြုလုပ်နေသည့် အစားထိုးယာဉ်မောင်း (ရှန်တိန်) စနစ်သည် ကုန်ကားပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အပြင် ကုန်ပစ္စည်း အကူးအပြောင်း လုပ်ရာတွင်လည်း အချိန်ကြန့်ကြာနေခြင်းကြောင့် ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာရစ်က CNI သတင်းဌာနသို့ ပြောသည်။

“မင်းတို့ဆီမှာ ကားဝင်တာ ငါတို့ ဂျပန်ကားတွေ၊ ဥရောပကားတွေ မင်းတို့ မောင်းမတတ်လို့ ငါတို့ကား ခဏခဏ ပျက်တယ်လို့။ ဆိုတော့ ခင်ဗျားတို့အတွက်လည်း မကောင်းဘူး။ ငါတို့အတွက်လည်း ကြန့်ကြာမှု တအားဖြစ်တယ်လို့။ အဲဒါကြောင့် ကွန်တိန်နာနဲ့လုပ်မှပဲ အဆင်ပြေနိုင်မယ်ထင်တယ်ဆိုမှ အခု အဲဒါကျတော့ ဒီကာလ ဒီရောဂါကို ကာကွယ်တဲ့အနေနဲ့လည်း အဆင်ပြေတယ်လေ။ အခု ဂျပ်ဖာနဲ့ကိစ္စကျတော့ ကားတစ်စီးကို ချိန်းရင် ၆ နာရီ၊ ၇ နာရီ ကြာတယ်ကွာ။ ဆိုတော့ ဒီကွန်တိန်နာနဲ့ကျတော့ ၁၅ မိနစ်နဲ့ ပြီးပြီလေ ကရိန်းနဲ့ မလိုက်တာနဲ့ ၁၅ မိနစ်လောက်ပဲဆိုတော့ တစ်ခုနဲ့တစ်ခု ချိန်းလိုက် ပိုပြီးတော့မှ အဆင်ပြေတယ်။ အဲဒါကြောင့် ဒါနဲ့ လုပ်ရအောင် ဆိုပြီးတော့မှ ကျနော်တို့ တောင်းဆိုလိုက်တော့ အခု အဲဒါနဲ့ စလုပ်ခဲ့တာပေါ့။ အခုကတော့ မကြာသေးဘူး။ နှစ်ပတ်ကျော်ကျော်လောက်ပဲ ရှိသေးတာ။ ၁၀ ရက်လောက်ပဲ ရှိသေးတာ အခုက ဒီကွန်တိန်နာနဲ့ စလုပ်လာတာ။ အခုလည်း ကျနော်တို့လည်း ကားတွေကို ပြန်ပြီးမှ ကွန်တိန်နာလုပ်ဖို့အတွက် စီစဉ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ အကာတွေ ဖြုတ်ရတယ်လေ။ ပြီးတော့ အပေါက်တွေ ပြန်ဖောက်ရတာနဲ့ စနစ်တကျ ပြန်လုပ်တယ်ဆိုတော့ အခု ကားတွေ အဲလို လုပ်နေတာ။ ဒါတွေ ပြီးပြီဆိုတော့ သေတ္တာတွေလည်း တရုတ်ကုမ္ပဏီတွေကို မှာထားတာဆိုတော့ စက်ရုံမှာပေါ့နော် ကွန်တိန်နာနဲ့ နည်းနည်းများများ လုပ်နိုင်မယ့်အနေအထား ရှိတယ်” ဟု သူက ပြောသည်။

လက်ရှိ ကုန်သွယ်ရာတွင် ကုန်တင်ကားများကို ကားသမားများက ကန်ပိုက်တီနယ်စပ်ဂိတ်မှ တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်လိုဏ်ဂူအထိ မောင်းနှင်ကာ ယင်းမှတဆင့် တရုတ်အစားထိုးယာဉ်မောင်းများက တရုတ်ပြည်ထဲသို့ ဆက်လက်မောင်းနှင်သည့် ပုံစံဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

တရုတ်ယာဉ်မောင်းများက မြန်မာကုန်ကားများကို မောင်းနှင်ရာတွင် ကျွမ်းကျင်မှု မရှိသဖြင့် ပြန်လည်ထွက်ခွာလာသည့် မြန်မာကုန်ကားများသည် တစုံတရာ ပျက်စီးဖြစ်ပေါ်မှုများ ရှိနေကြောင်း ကုန်ကားပိုင်ရှင်များက ပြောသည်။

ယင်းပြဿနာများကြောင့် ကွန်တိန်နာစနစ်ကို ကျင့်သုံးရန်နှင့် လက်ရှိတွင် ကွန်တိန်နာစနစ်အတွက် ကုန်တင်ကားများကို ပြုပြင်မှုများ လက်တလောဆောင်ရွက်နေပြီး ၎င်းစနစ်ဖြင့် စမ်းသပ်လုပ်ဆောင်ခြင်းကို ဇန်နဝါရီ လဆန်းပိုင်းတွင် စတင်စမ်းသပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုရှမ်းကြီးက “သူတို့ကတော့ ကွန်တိန်နာနဲ့ ဆွဲလို့ အောင်မြင်သွားရင်တော့ ကွန်တိန်နာနဲ့ ဖြစ်မယ်လို့ ပြောတာပဲ။ အခု စဆွဲနေပြီ။ ၁၄ - ၁၅ စီးလောက်တော့ စနေပြီ။ ကျနော်တို့ ဘော်ဒီကို ဖြုတ်ပေးတယ်။ ဖြုတ်လိုက်တဲ့အချိန်မှာ သူက ကွန်တိန်နာလုပ်ဖို့ ပါတဲ့ကားတွေဆိုရင် တခါတည်း ကောက်ချိတ် လို့ရတယ်။ ဘော်ဒီတွေ အကုန်ဖြုတ်ပေးလိုက်တာ။ အဲဒါကျတော့ ကောင်းတာပေါ့။ ကျနော်တို့ အခု လိုဏ်ဂူဝရောက်တာနဲ့ ကန်ပိုက်တီကနေ တိုက်ရိုက် တရုတ်ကို ပေးလိုက်တဲ့အခါကျတော့ ကျနော်တို့ကားတွေ ပျက်တာရှိတယ်။ မှောက်တာရှိတယ်။ အဲလိုမျိုး အခက်အခဲရှိတယ်။ ကားတွေ အဆင်မပြေဘူး အကောင်းပေးလိုက်ရင် ပျက်လာတယ် အဲလိုတွေ ဖြစ်တာများတယ်။ ဖြစ်နိုင်ရင် အဲလိုမျိုးလည်း မဆိုးဘူးဗျာ ကွန်တိန်နာနဲ့ အပြင်မဆွဲရ အထဲမဆွဲရ။ ဝင်ရမယ်ဆိုလည်း ကိုယ့်ကားကိုယ်မောင်းရရင် ပိုပြီးတော့မှ အဆင်ပြေတယ်။ ကွန်တိန်နာနဲ့ လုပ်တာက ကောင်းတာပေါ့ ကျနော်တို့အတွက်။ ကားမပေးလိုက်ရဘူး ကျနော်တို့ ဒီမှာတင်ချ သူတို့ဟာသူတို့ သယ်သွား အဲဒါတော့ ကျနော်တို့ အဆင်ပြေတယ်။ ကားပျက်တာတို့ ကားမှောက်တာတို့ ကျနော်တို့ မကြုံရဘူး။ တကယ်လို့ ဟိုဥစ္စာ(ကွန်တိန်နာ)ဖြစ်ရင်ကား သိပ်မနာဘူးလေ။ ကားမပေးလိုက်ရတော့ အပြင်ပဲ ချပြီးမှ ကျနော်တို့ ပြန်ဆင်းရတော့ ကိုယ့်ကား ကိုယ်မောင်းရတော့ ကောင်းတာပေါ့” ဟု CNI သို့ ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကုန်တင်ကား အစီးရေ ၇၀ နီးပါး နေ့စဉ် ကုန်သွယ်မှု ပြုလုပ်လျက်ရှိသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် စီးပွားရေးနှင့် ကူးသန်းရောင်းတယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများအရ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းသည် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၂.၃၄ သန်း၊သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈.၅၄၆ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၀.၈၈၆ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။