၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

တရုတ်နှစ်သစ်ကူးကြောင့် တရုတ်ဘက်ရှိကုန်သည်များသည် အလုပ်ပိတ်သိမ်းထားသကဲ့သို့ အချို့မှာလည်း  နေရပ်ပြန်ကြသည့်အတွက် ယခုလက်ရှိ ဇန်နဝါရီလတွင် မူဆယ်နယ်စပ်၌ ကုန်ရောင်းဝယ်မှု ၉၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း မူဆယ်ရှိကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်တွင် တရုတ်နှစ်သစ်ကူး၊ ခေါက်တိုကားအခက်အခဲများ၊ စည်းကမ်းသတ်မှတ်ချက်များ စသည်တို့ကြောင့် အဝင်၊အထွက်နည်းကာ အရောင်း အဝယ်ကျဆင်းနေခြင်းဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ပြီးခဲ့တဲ့နှစ်တူ ပြီးခဲ့တဲ့ လတူနဲ့ တွက်မယ်ဆိုရင်တော့ အခု ဇန်နဝါရီလထဲမှာ ၉၀ ရာခိုင်နှုန်းလောက် လျော့နည်း ပြီးတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲကျန်ပါတော့တယ်။ ကုန်သည်တွေကတော့ ပြောစရာမရှိအောင်ကို နစ်နာ တာပေါ့။ ဆန်သမားကတော့ တန် ၅၀ ပါတဲ့ကား အိတ်ရေ ၁၀၀၀ ဆန့်တဲ့ကား။ ဆန်၊ဆန်ကွဲတစ်နေ့မှ ၃ စီး ၄ စီးပဲ သွားနိုင်တော့တယ်။ ဟိုးအရင်တုန်းကမှ ဘာပဲပြောပြော သုံး/လေးဆယ် သွားနိုင်သေးတယ်”ဟု ဆိုသည်။

ကုန်သွယ်မှုကောင်းမွန်ပါက ကုန်သည်များသာမက ၎င်းတို့ကို မှီခိုနေရသည့် ကုန်တင်ကုန်ချသမားများအတွက် ပြေလည်မှုရှိကာ လက်ရှိကုန်သွယ်မှုအခြေအနေမကောင်းသည့်အတွက် အကုန်လုံး ထိခိုက်ကြောင်း သိရသည်။

ခေါက်တိုကားငှားရမ်းခသည် ယခင် သိန်း ၁၀၀ ကျော်ပေးခဲ့ရပြီး လက်ရှိတွင် သိန်း ၆၀ ခန့်သာ ပေးရသော်လည်း ကုန်သွယ်မှုများ ကြန့်ကြာလျက်ရှိသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ကုန်သွယ်မှုလုပ်ဆောင်နေလျက်ရှိကာ မြန်မာဘက်သို့ တရုတ်မှ ကုန်တင်ပြီးဝင်လာသည့် ကုန်ကားများအား ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိ သူများက အခွန်ပေးမဆောင်ဘဲ ထားထားကြောင်း ကုန်သည် စိုင်းမြင့်ဇော်က ဆိုသည်။

ကုန်သည် စိုင်းမြင့်ဇော်က “ကျနော်တို့ အရင် ကုန်ပစ္စည်းတွေ တင်ပို့တဲ့အခါ တင်သွင်းတဲ့အခါတုန်းက USD နဲ့ သွားရတာရှိတယ်။ ကုန်ပစ္စည်းရဲ့ 1 kg 1 unit ရဲ့တန်ဖိုးက 1 USD လို့သတ်မှတ်ထားလို့ရှိရင် 1 USD ကို မြန်မာငွေနဲ့လဲလှယ်ရတာ။ လဲလှယ်ပြီးတော့ အခွန်ဆောင်ရတာ။ အခုက 1 USD လို့သွားနေတဲ့ တစ်ဒေါ်လာ နေရာမှာမှ 1 yuan တစ်ဒေါ်လာကို တစ်ခါ ယွမ်နဲ့တစ်ခါပြန်တွက်၊ တွက်ပြီး ယွမ်ကိုမှ မြန်မာငွေနဲ့ အစားထိုးပြီး ဆောင်ရတယ်ဆိုတော့ စနစ်ကြီးက အကြီးကြီးလေ။ ဒီ အချိန်ပိုင်းလေးအတွင်းမှ ဒီ စနစ်က အကောင်ထည်ဖော်လို့ မရဘူးလေ။ နောက်ထပ် ၃ လ ၄ လ ၅ လဆိုတဲ့ ပ‌ရောဂျက်တစ်ခုခုထားထားမှ ဒီလုပ်ငန်းက အသက်ဝင်နိုင်မှာ။ ပြောရရင် သူတို့ဒီဘက်မှာ ဒေါ်လာနဲ့ယွမ်နဲ့ချိန်းနေတဲ့ ကိစ္စတွေ မပြီးပြတ်သေးလို့” ဟု ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များအနက် ရှမ်းပြည်နယ်မှ ကျင်စန်းကျော့ဂိတ်၊ ကချင်ပြည်နယ်မှ ကန်ပိုက်တီဂိတ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖွင့်လှစ်ထားသည်။

သို့သော် ကျယ်ဂေါင် - မန့်ဝိန်းဂိတ်၊ မူဆယ် (နန်းတော်ဂိတ်)၊ ဆင်ဖြူဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)ဂိတ်၊ ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်တို့မှာမူ ပြန်လည်ဖွင့်လှစ်ပေးထားခြင်း မရှိပေ။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်မှု၌ ကျယ်ဂေါင်၊ မူဆယ်နှင့် ဆင်ဖြူဂိတ်တို့မှ နှစ်စဉ် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၃၀၀၀ ကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ နီးပါးနှင့် ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၅၀၀၀ ဝန်းကျင် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။