၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖော်ဆောင်နေသည့် စက္ကူပန်း အမျိုးအစားပေါင်း ၇၀ ကျော် ပါဝင်ပြီး မြေ ၁၀ ဧကပေါ်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို ဧပြီလတွင် ဖွင့်ရန်စီစဉ်နေကြောင်း သိရသည်။

ထိုစက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို ပြီးခဲ့သည့်နှစ်က ဖွင့်လှစ်ရန် ကြိုးစားခဲ့သော်လည်း ကိုဗစ် ၁၉ ကပ်ရောဂါနှင့် အခြားသော အခြေအနေများကြောင့် ရွှေ့ဆိုင်းလိုက်ရပြီး ယခုအချိန်မှသာ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စက္ကူပန်းနန်းတော် လက်ထောက်မန်နေဂျာ ဦးဟန်မျိုးမွန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“ဧပြီလ သင်္ကြန်မတိုင်ခင် ကျနော်တို့ ဖွင့်ဖို့ ကြိုးစားနေပါတယ်။ စက္ကူပန်းတွေက ၇၅ မျိုးလောက် ပါပါတယ်။ အဓိက ကတော့ ယိုးဒယားမျိုးတွေ စိုက်ထားတာပေါ့။ ဒါပေမယ့် ပြည်တွင်းမှာရှိတဲ့ စက္ကူပန်းမျိုးရင်းတွေလည်း ကျနော်တို့က အထဲထဲ မှာ ကျနော်တို့ ပျိုးထားပါတယ်ခင်ဗျ။ အပင်အရေအတွက်ကတော့ ၂သိန်းနီးပါးဝန်းကျင် ကို ပျိုးထားတယ်ပေါ့နော်။ ၂၀၂၀ ဒီဇင်ဘာလ ကတည်းက ကျနော်တို့ စလုပ်ခဲ့တာပေါ့နော်။ စိန်ခေါ်မှုကတော့ အမျိုးမျိုးပေါ့။ ကိုဗစ်ကာလတုန်းကလည်း ဖွင့်မယ်လုပ်လိုက် တော့ ပြန်ပြီးတော့ ပိတ်လိုက်ရပြန်ရော။ လူစုလူဝေးဖြစ်မှာရော၊ အရေးယူခံရမှာရော ကျနော်တို့ ပြန်ပြီးတော့ ပိတ်လိုက်ရပြန် ရော၊ ရပ်လိုက်ရပြန်ရော။ နောက် ကိုဗစ်ကာလမှာ စီးပွားရေးအရ ဝန်ထမ်းတွေလည်း လျှော့လိုက်ရပြန်ရော အဲလိုမျိုး စိန်ခေါ် များတော့ ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်သည် မြန်မာနိုင်ငံတွင် စက္ကူပန်းတစ်မျိုးတည်းကိုသာ အသုံးပြုပြီး ဖွဲ့စည်းထား သည့် ပထမဦးဆုံးသောဥယျာဉ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ပျိုးပင်နှင့် မြန်မာနိုင်ငံမှ စက္ကူပန်းမျိုးရင်းများကို အသုံးပြု၍ စိုက်ပျိုး ထားကြောင်း သိရသည်။

ထို့အပန်းဖြေဥယျာဉ်တွင် ကစားကွင်းများ၊ စားသောက်ဆိုင်ခန်းများနှင့် ဓာတ်ပုံရိုက်၍ရသည့် အလှအပဖန်တီးမှုများ ပါဝင် ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းရန်အတွက် ဝင်ကြေး ကောက်ခံရန်လည်း စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံတကာတွင် ယခုလို စက္ကူပန်းဥယျာဉ်များ ဖန်တီးဆောင်ရွက်မှုများရှိသည့်အတွက် မြန်မာနိုင်ငံရှိ ပြည်သူများလည်း လည်ပတ် အပန်းဖြေနိုင်ရန် စက္ကူပန်းနန်းတော်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်သည်ဟု ဦးဟန်မျိုးမွန်က ပြောသည်။

၎င်းက “နိုင်ငံတကာမှာလည်း စက္ကူပန်းနဲ့ landscape (ရှုခင်း)တွေ အကောင်အထည် ဖော်နေတာကိုး။ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံက ပြည်သူပြည်သားတွေကို မြင်စေချင်တဲ့ ဆန္ဒမျိုးနဲ့ပဲ ကျနော်တို့က ပန်းခြံလုပ်ရတဲ့ ရည်ရွယ် ချက်ပါပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ မန္တလေးသူ၊ မန္တလေးသားတွေက ကျနော်တို့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တို့ဆိုရင် ပြင်ဦးလွင်ပဲ သွားကြတာကိုး။ ကျနော်တို့က မန္တလေးသူ၊ မန္တလေးသားတွေ၊ ပြည်သူတွေ အပန်းဖြေဖို့အတွက်ဆိုပြီး ဦးပိန် တံတားနားမှာရှိတဲ့ အဲဒီ ၁၀ ဧကပေါ် ကျနော်တို့က ပန်းခြံလုပ်ရခြင်း ရည်ရွယ်ချက်ထဲက တစ်ခု ဖြစ်ပါတယ်ခင်ဗျ” ဟု CNI သို့ ပြောသည်။

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအနီးတွင် တည်ရှိပြီး မြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက အကောင်အထည်ဖော်နေခြင်းကြောင်း၊ စက္ကူပန်းပျိုးပင်များကို ဝယ်ယူ၍ ရနိုင်သည့် အရောင်းစင်တာကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။