၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၄

လက်ရှိတွင် COVID-19 မျိုးဗီဇအသစ်ကြောင့် မြန်မာအလုပ်သမားများ အပါအဝင် နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် အလုပ်သမားများ ခေါ်ယူနေခြင်းကို ထိုင်းမှ ရပ်နားထားကြောင်း သိရသည်။

ထိုသို့ ရပ်နားထားသည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားများ အတွက် အခက်အခဲများ ရှိနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က CNI သတင်းဌာနသို့ ပြောသည်။

FED မှ အမှုဆောင်ဒါရိုက်တာဦးထူးချစ်က“နှစ်ပိုင်းပေါ့ တစ်ပိုင်းကတော့ ထိုင်းထဲမှာလည်း ကိုဗစ်ဖြစ်တာတစ်ပိုင်း၊ နောက် တစ်ပိုင်းကျတော့လည်း ဟိုဘက် မြန်မာနိုင်ငံထဲမှာကလည်း ဒီဘက်ကိုလာဖို့ အစိုးရအနေနဲ့ စီစဉ်ပေးနိုင်မှု အားနည်းတာ တစ်ပိုင်းပေ့ါ။ ဒါကြောင့်မို့လို့ ကျနော်ထင်တာကတော့ အလုပ်သမားတွေ အနေနဲ့ကတော့ အခက်ခဲတွေက ရှိဦးမယ်။ ကျနော် တို့ အနေနဲ့လည်း ဒီနယ်စပ်လမ်းက ဘယ်တော့မှ ပြန်ဖွင့်မယ်ဆိုတာကို အတိအကျမသိဘူး။ အမှန်ဆို ပြီးခဲ့တဲ့ နိုဝင်ဘာတုန်း က ထိုင်းအစိုးရက ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ ပြန်ပြီးတော့ လမ်းတွေ ဖွင့်မယ်လို့ ပြောတယ်။ အခုကတော့ ပြန်ပိတ်ထားတယ်။ အဲ့တော့ အလုပ်သမားတွေ အနေနဲ့က အခက်အခဲတွေ ပြဿနာတွေနဲ့တော့ ရင်ဆိုင်နေရဦးမယ်လို့ ကျနော့်အနေနဲ့ ပြောချင် တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၁ ရက်က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်ရေး လုပ်ငန်းဆိုင်ရာ အခြေအနေများ ဆွေးနွေးခဲ့ကြသော်လည်း မည်ကဲ့သို့ လုပ်ဆောင်မည်ကို တော့ မသိရသေးပေ။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက “ကျ‌နော်တို့ တောင်းဆိုစရာ ရှိတာလေး တွေ တောင်းဆိုထားတယ်။ တောင်းဆိုထားတာမှာ အလုပ်သမား စေလွှတ်မယ်ဆို ၂၇ ရက်နေ့မှာ ကျနော်တို့ အစည်းအဝေး လုပ်ဖို့ရှိပါတယ်။ အဲ့ဒါပြီးမှပဲ အဖြေက သိရမှာပေါ့လေ။ ဒီကြားထဲကတော့ ကျနော်တို့လည်း ပြောလို့မရသေးဘူး။ မရသေး ဘူးဆိုတာက သူတို့က ဘယ်ပုံစံနဲ့ခေါ်မှာလဲ၊ ကျနော်တို့က ဘယ်လိုပုံစံနဲ့ ပို့ရမှာလဲ။ အလုပ်သမားစာချုပ်ချုပ်ဖို့ ကိစ္စတွေက ဘယ်လိုဆောင်ရွက်မှာလဲ။ ဒါတွေကို အသေးစိတ် ဆွေးနွေးဖို့ လိုသေးတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ/ထိုင်း ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်။

ယခင်က ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်း အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမားများအား MOU စနစ်ဖြင့် လူဦးရေ ၄ သိန်းကျော် ခေါ်ယူမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁ ရက်မှ စတင် မှတ်ပုံတင်နိုင်ပြီး ဇန်နဝါရီလတွင် အလုပ်သမားများအား နယ်စပ်ဂိတ်မှတဆင့် ခေါ်ယူမည်ဖြစ်ကြောင်း စီစဉ်ထားခြင်း ဖြစ် သည်။

MOU ဖြင့် သွားရောက် လုပ်ကိုင်မည်ဆိုပါက ထိုင်းအစိုးရမှ သတ်မှတ်ထားသည့်စရိတ်မှာ ထိုင်းဘတ်ငွေ တစ်သောင်းကျော်မှ နှစ်သောင်းအထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပွဲစားအချို့သည် ထိုင်းနိုင်ငံတွင် အလုပ်ရှိကြောင်းနှင့် သွား၍ရကြောင်း လိမ်ညာ၍ တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်နေမှုများ ရှိသည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောသည်။

FED မှ အမှုဆောင်ဒါရိုက်တာဦးထူးချစ်က “အဓိကကတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပြောချင်တာကတော့ လက်ရှိ အနေထားအရ ကျန်တဲ့နိုင်ငံတွေရောပေါ့နော် အပါအဝင်ပေါ့ အဓိကအားဖြင့် ထိုင်းနိုင်ငံပေါ့။ MOU စနစ်နဲ့ သွားဖို့လာ ဖို့ ကိစ္စက လက်ရှိ မလုပ်သေးပါဘူးပေါ့နော်။ သူတို့ မဆောင်ရွက်သေးဘူး။ ယာယီဆိုင်းငံ့ထားတယ်။ တကယ်လို့ သူတို့ပြန်ပြီး တော့ လက်ခံတော့မယ်ဆိုလို့ ရှိရင်လည်း သူတို့ တရားဝင် ကြေညာမှာပဲ။ ဒါကြောင့်မို့လို့ တချို့ပွဲစားတွေရဲ့ ပြောတဲ့စကားကို မယုံဖို့နဲ့ နောက်တစ်ခုက တရားမဝင်လာဖို့ကိုလည်း ကျနော်တို့အနေနဲ့ အားမပေးချင်ဘူး”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ထိုင်းမှ MOU စနစ်ဖြင့် ခေါ်ယူသည့်အနက် ကမ္ဘောဒီးယားမှ အလုပ်သမားများသည် ဇန်နဝါရီ ၁၅ ရက်နေ့က ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ MOU ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ရန် မြန်မာဘက်မှ တာဝန်ရှိသူများက တစ်စုံတစ်ရာ ထုတ်ပြန်ခြင် မရှိသည့်အတွက် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်နေသည်များမှာ နေ့စဉ် ရာနှင့်ချီရှိနေသလို ဖမ်းဆီးခံရမှုများလည်း နေ့စဉ် ရှိနေကြောင်း သိရသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - - ထိုင်းမှ MOU ဖြင့်ခေါ်ယူမှု မြန်မာဘက်မှ ခွင့်ပြုမိန့်မကျသေးသဖြင့် သွားခွင့်မရ

ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - -  ထိုင်းမှ MOU ဖြင့် အလုပ်သမားခေါ်ယူမည့်ကိစ္စ ကိုဗစ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နှောင့်နှေးနိုင်

ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - -   ထိုင်းမှ MOU စနစ်ဖြင့် အလုပ်သမားခေါ်ယူခြင်းကို နိုဝင်ဘာလကုန်တွင် စတင်ခေါ်ယူမည်

ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - - ပွဲစားများ၏ မက်လုံးကြောင့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းသို့ ဝင်ရောက်မှု ပိုများလာ