၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆

တရုတ်နိုင်ငံ၊ လာရင်းမြို့တွင် ၆ လကျော် ပိတ်မိနေသည့် မြန်မာကုန်ကားများကို ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေးဂိတ်မှတဆင့် ဇန်နဝါရီ ၂၅ ရက်က စတင်၍ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ထုတ်ပေးနေပြီဖြစ် ကြောင်း ကုန်ကားသမားများထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ပိတ်မိနေသော မြန်မာကုန်ကားများကို တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်ခင် တစ်ရက်ခြား ခွဲ၍ ပြန်လည် ထွက်ခွာခွင့်ပြုနေကြောင်း၊ မြန်မာဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြံနှင့်ငှက်ပျောကားများကိုလည်း တစ်ရက်ခြား ခွဲ၍ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ကုန်ကားသမားတစ်ဦးဖြစ်သူ ကိုထွန်းထွန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုထွန်းထွန်းနိုင်က “မနေ့ကနေပြီးတော့ စမ်းထုတ်ပေးပါတယ်ခင်ဗျ။ မနေ့ကတော့ ၁၈ စီး၊ ၁၉ စီး ထားပါတော့ အစီး ၂၀ လောက် ရှိမယ်။ ဒီနေ့တော့ နားတယ်ဗျ။ တစ်ရက်ခြား ထုတ်ပေးမယ်လို့တော့ ပြောပါတယ်။ ကြံကားတို့ ဘာတို့၊ ငှက်ပျော ကားတို့ဘာတို့ တစ်ရက်သွင်းမယ်ပေါ့ အစ်မရယ်။ မြန်မာကားတွေကို တစ်ရက် ထုတ်ပေးမယ်ပေါ့ အဲလို။ နှစ်ကူးမတိုင်ခင်ကို ရနိုင်သလောက် ထုတ်ပေးမယ် အကုန်မဟုတ်တောင်မှ အဲလိုတော့ သိရတယ်။ ကျနော်တို့ကားတွေက ၆ လပိုင်းကတည်းက ကားတွေပါတယ်။ ၇ လပိုင်းကတည်းက ကားတွေချည်းပါပဲဗျ။ အခု တစ်လကျော် လာစောင့်နေပြီးတော့မှ တစ်ရက်ထွက်နိုး တစ်ရက်ထွက်နိုး မျှော်နေတာထက်စာရင် အခုက မနေ့က ထုတ်ပေးတော့ မျှော်လင့်ချက်တော့ ရှိပါပြီ၊ ကိုယ့်ကားတွေလည်း ထွက်လာတော့မှာပေါ့”ဟု ပြောသည်။

အဆိုပါ ကုန်ကားများသည် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ကုန်တင်ပို့နေစဉ် ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ဇူလိုင်လတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်နိုင်ငံက ပိတ်လိုက်ခြင်းကြောင့် မြန်မာကုန်တင် ကား အစီးရေ ၄၀၀ နီးပါး ပိတ်မိခဲ့ခြင်းဖြစ်သည်။

ထို့နောက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဇန်နဝါရီ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် ဂိတ်တံခါးကို ဖွင့်လှစ် ပေးခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကြံနှင့်ငှက်ပျောများအား နယ်စပ်ဂိတ်ခြံစည်းရိုးမှတဆင့် တရုတ် ဘက်သို့ ကရိန်းများဖြင့် သယ်ဆောင်သည့် ပုံစံဖြင့် ကုန်သွယ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်မှုပုံစံသည် နှေးကွေးစေသည့်အတွက် ဂိတ်တံခါး ဖွင့်လှစ်ပေးရန် ပြီးခဲ့သည့်ရက်ပိုင်းက ငှက်ပျောလုပ်ငန်းရှင် နှင့် ကုန်သည် လုပ်ငန်းရှင် ၁၀၀ နီးပါး စုပေါင်း၍ ဆန္ဒပြခဲ့ကြကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာကုန်ကား အစီးရေ ၄၀၀ နီးပါး တရုတ်နိုင်ငံတွင် ပိတ်မိနေသည့်အတွက် ကုန်တင်ကားလိုအပ်ချက် ဖြစ်ပေါ်နေခြင်း ကြောင့် မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ရန် တောင်းဆိုခဲ့ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလာရစ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက ပွင့်လင်းရာသီလည်း ရောက်လာပြီ။ ကားတွေကို ပြန်လည်ပြီးတော့မှ တိုက်ရမယ့် ကြံတို့ ဘာညာပေါ့နော်၊ အဲဒါတိုက်ဖို့ ကားတွေက လိုအပ်တယ်ဆိုပြီးတော့ ကျနော်တို့ဆီမှာ ကားအခက်အခဲ ရှိတယ်ဆိုပြီး ကျနော်တို့က တောင်းဆို ထားတာ။ ကိုယ့်ကားကို ပစ်ထားတာလည်း ကြာပြီဆိုတော့ မြန်မြန်ဆန်ဆန် ပြုပြင်ရမယ်ဆိုပြီးတော့မှ တောင်းဆိုထားတာ လေ။ အဲဒါကြောင့် မြန်မြန်လုပ်ပေးပါ၊ ဒါပဲ ကျနော်တို့ ပြောထားတာ။ ကျနော်ကတော့ ထုတ်ပေးတယ်ဆိုတော့ ကျေးဇူးတင် တယ်လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆို ဒီကားနဲ့ပဲ လုပ်စားနေတာ ဖြစ်တဲ့အတွက် ကျနော်တို့ ပြည်နယ်သူ ပြည်နယ် သားတွေရဲ့ စားဝတ်နေရေးဖူလုံရေးအတွက် ဒီကားနဲ့ပဲ လုပ်စားနေလို့ ဒီကားကို ဂရုတစိုက် လုပ်ရမှာဆိုတော့ ပွင့်လင်းရာသီ လည်း ရောက်ပြီဆိုတော့ ဒါထုတ်ပေးတာကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးသည် ကြံနှင့် ငှက်ပျောကို အဓိက ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေး  စခန်းတစ်ခုဖြစ်ပြီး ဒေသထွက် ပြောင်း၊ ဖရဲသီးနှင့် ဆန်တို့ကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။

မြန်မာ - တရုတ် ကုန်သွယ်ရေးစခန်းများအနက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။