၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် YBS ယာဉ်စီးခ များအား တိုးမြှင့်ကောက်ခံရန် မရှိကြောင်း YRTC မှ တာဝန်ရှိသူများက ဆိုသည်။

YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခသည် ၂၀၀ ကျပ် ပေးရသည့်ယာဉ်လိုင်းများရှိသကဲ့သို့ ၃၀၀ကျပ်နှင့် အထက် ပေးရသည့် ယာဉ်လိုင်းများမှာလည်း အများစုရှိသည်။

ထို့ကြောင့် YRTC အနေဖြင့် ယာဉ်စီးခတိုးမြှင့်ကောက်ခံရန်မရှိသော်လည်း ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်း ထားအား အများဆုံး ၄၀၀ ကျပ်အထိသာထားရန် ညှိပေးထားကြောင်း YRTC မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးချစ်ကိုကိုက “ကျနော်တို့ ဒီမှာ ယာဉ်စီးခတွေ ကောက်နေတဲ့အခါမှာ မညီတာလေးတွေဖြစ်သွားတယ်။ မညီတာ လေးတွေဆိုတာ အခုယာဥ်စီးခ လက်ရှိမှာတော့ အများဆုံးကောက်ခံတာ ၄၀၀ ကျပ် ကောက်ခံပါတယ်။ အဲ့တော့ တချို့ယာဉ်လိုင်းက ၂၀၀ ပဲကောက်ခံတာရှိတယ်။ ၃၀၀ ပဲကောက်ခံတာမျိုး ရှိတာပေါ့နော်။ ရှိတဲ့အတွက် ကြောင့် ကျနော်တို့က ဘာပြန်ပြီးတော့ ညှိနှိုင်းပေးလဲဆိုတော့ အဲ့ ၄၀၀ ပေါ်မှာပဲ စံနှုန်းထားပေါ့နော်။ ကျနော်တို့က တိုးတာမဟုတ်ဘူးနော် ပြန်ညှိပေးနေတယ်။ တိုးကောက်နေတာမဟုတ်ပါဘူး။ ၄၀၀ ကိုပဲ စံနှုန်း၊ ၄၀၀ ထက် မကျော်ရဘူး” ဟု ဆိုသည်။

Yangon Bus Service(YBS) တစ်ခုလုံးအနေဖြင့် ယာဉ်စီးခတိုးကောက်ရန် အစီအစဉ်မရှိကြောင်း၊ YBS လက် အောက်ရှိ ယာဉ်လိုင်းများ၏ နှုန်းထားများအား ညှိပေးနေခြင်းသာဖြစ်ကြောင်း သိရသည်။

YRTC အနေဖြင့် ယာဉ်စီးခတိုးမြှင့်ကောက်ခံသည့် ယာဉ်လိုင်းများအား အရေးယူဆောင်ရွက်ထားမှုရှိများရှိကာ လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည့် ယာဉ်အစီးရေ ၄၉၉ စီး ရှိကြောင်းသိရသည်။

YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခကောက်ခံမှု၌ ခရီးစဉ်တစ်ခုလုံးကောက်ခံခြင်း၊ မိုင်နှုန်းဖြင့်ကောက်ခံခြင်း၊ ခရီးစဉ်နှင့် မိုင်နှုန်းရော၍ ကောက်ခံခြင်းများရှိနေကြောင်း YRTC မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ဆိုသည်။

YBS ယာဉ်လိုင်းများတွင် YPS ကဒ်စနစ် ပြန်လည်လုပ်ဆောင်နေသည့်အတွက်ကြောင့် သက်ဆိုင်ရာ ယာဉ်လိုင်း များအနေဖြင့် မိမိတို့၏လမ်းကြောင်းအား Asia Starmar ကုမ္ပဏီနှင့် ညှိနှိုင်းကြရန်လည်း ၎င်းက ဆိုသည်။

“ဒါတွေကို ကျနော်တို့က ဒီကာလမှာ ချက်ချင်းပြောင်းလဲဖွယ်ဆိုတာ တပြေးညီဖြစ်အောင်လုပ်ဖို့ဆိုတာ မလွယ်ကူ ပါဘူး။ ဘာလို့လဲဆို ယာဉ်လိုင်းတစ်လိုင်းနဲ့ တစ်လိုင်း ပြေးဆွဲနေရတဲ့ ခရီးစဉ်တွေနဲ့လမ်း ကြောင်းတွေက မတူပါ ဘူး။ အဲဒီအတွက်ကြောင့် ယာဉ်လိုင်းတွေအနေနဲ့လည်း ကျနော်တို့ ဦးစားပေးသွားတဲ့ဟာကတော့ ယာဉ်စီးတဲ့ ခရီးသည်တွေလည်း အဆင်ပြေရမယ်။ ယာဉ်လိုင်းပိုင်ရှင်တွေလည်း အဆင်ပြေရမယ်။ အဲဒီအပေါ်မှာ အခြေခံပြီး တော့ ယာဉ်စီးခနှုန်းကို ညှိပါဆိုပြီး ကျနော်တို့ YRTC အနေနဲ့ တာဝန်ခံပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ဈေးနှုန်းကို ယာဉ်လိုင်းအားလုံး ညီအောင် ညှိနှိုင်‌ပေးနေခြင်းပဲဖြစ်ပါတယ်”ဟု ပြောသည်။

YBS တွင် ကားအစီးရေ ၆၀၀၀ ခန့်ရှိပြီး လက်ရှိတွင် ပြေးဆွဲနေသည်မှာ အစီးရေ ၃၀၀၀ ခန့်သာ ရှိကြောင်းနှင့် YRTC အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၂ ဇန်နဝါရီလအထိ တိုင်ကြားမှုကြောင့် အရေးယူထားသည့် အမှုပေါင်း ၂၇၇၈ မှုရှိကြောင်း သိရသည်။