CNI International News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆

ဂျပန်ဘီယာလုပ်ငန်း Kirin Holdings နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့ ပူးပေါင်း၍ ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာဘရူဝါရီကို ဖျက်သိမ်းမည့်အရေးကိစ္စအား မြန်မာနိုင်ငံမှ တရားရုံးတစ်ရုံးက ဇန်နဝါရီ ၂၆ ရက် (ယနေ့) ပယ်ချခဲ့ကြောင်း Nikkei Asia သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဦးပိုင် (MEHL)မှ တင်သွင်းသည့် ဖျက်သိမ်းရေး အသနားခံစာကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ဇန်နဝါရီ ၂၆ ရက်တွင် ၆ ကြိမ်မြောက် ကြားနာစစ်ဆေးခဲ့သည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ MEHL ၏ အသနားခံစာသည် အကျုံးမဝင် ကြောင်း Kirin ၏ ငြင်းဆိုချက်ကို တရားရုံးက လက်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၌ စတင် အသက်ဝင်ခဲ့သော ပျက်ပြားမှုဆိုင်ရာဥပဒေ (Insolvency Law)အရ ကုမ္ပဏီ ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်များကို အသစ်ပြဋ္ဌာန်းချက် မူဘောင်အောက်တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းနည်းဟောင်း ဖြစ်သည့် ကုမ္ပဏီဥပဒေအပေါ် အခြေမခံကြောင်း ပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ MEHL အနေဖြင့် အထက်တရားရုံးသို့ အယူခံဝင်နိုင်ခြင်း (သို့မဟုတ်) ယင်းဥပဒေအပေါ် အခြေခံ၍ အသနားခံစာကို ပြန်လည် ရေးသားတင်သွင်းနိုင်သည်ဟု Nikkei Asia က သတင်းရေးသားထားသည်။ အငြင်းပွားမှုအား မည်သည့်နည်းဖြင့် ဖြေရှင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Kirin ဘီယာကိုတွေ့ရစဉ်။

မြန်မာဘရူဝါရီကို Kirin က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဦးပိုင် (MEHL) က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ မြန်မာ့တပ်မတော် က အရပ်သားအစိုးရဖြုတ်ချလိုက်ပြီးနောက် မိတ်ဖက်ဆက်ဆံရေး ချက်ချင်းရပ်ဆိုင်းဖို့ Kirin က ယမန်နှစ် ဖေဖော်ဝါရီလတွင် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နိုဝင်ဘာလတွင် MEHL သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ ပူးပေါင်းလုပ်ကိုင်ခြင်းကို ဖျက်သိမ်းရန် တရားရုံးသို့ အသနားခံစာ တင်ခဲ့သည်။

MEHL သည် ၎င်း၏ ရှယ်ယာများကို စွန့်လွှတ်ပြီးနောက် တရားရုံးကို အသနားခံစာအား ပယ်ချရန် တောင်းဆိုခဲ့ပြီးနောက် Kirin နေဖြင့် လုပ်ငန်း ဆက်လက်လည်ပတ်ရန် မျှော်လင့်ထားခဲ့သည်။

ထိုအမှုကို စင်ကာပူရှိ နိုင်ငံတကာ အနုညာတ စီရင်ဆုံးဖြတ်ရေးဗဟိုဌာနသို့ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ပေးရန် တိုင်ကြားထား ကြောင်း၊ တတိယအဖွဲ့အစည်း (third party) ပါဝင်ပတ်သက်မှုမှာ သောင်မတင်ရေမကျ အဆုံးသတ်သွားနိုင်သည်ဟု မျှော်လင့်ကြောင်း Kirin က ကြေညာခဲ့သည်။

Source: Nikkei Asia