၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

YBS ယာဉ်လိုင်းများတွင် စပယ်ယာလိုက်ပါမှု မရှိစေရန်အတွက် YPS ကတ်စနစ်စက်အား ယာဉ်အားလုံးတွင် တပ်ဆင်နိုင်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

YBS တွင် ကားအစီးရေ ၆၀၀၀ ခန့်ရှိပြီး ထိုထဲမှ ယာဉ်အစီးရေ ၁၉၀၄ စီးတွင်သာ YPS ကတ်စနစ်စက်များ တပ်ဆင်ထားခြင်း ဖြစ်ကာ ယာဉ်အစီးရေ အားလုံးတွင် တပ်ဆင်ရန်အတွက် ယာဉ်လိုင်းကုမ္ပဏီများနှင့် YPS ကတ်စနစ် လုပ်ကိုင်ခွင့် ရရှိထား သည့် Asia Starmar Transport Intelligent ကုမ္ပဏီတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က ပြောသည်။

YRTC မှ တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က “YPS ကတ် အောင်မြင်အောင်လုပ်နိုင်မှ နည်းစနစ်နဲ့ ထိန်းချုပ်နိုင်မှ ရမှာဖြစ် ပါတယ်။ လူတွေဖြစ်တဲ့အတွက်ကြောင့် ဘယ်လောက်ဖမ်းဖမ်း သူတို့ကတော့ သူတို့‌လောဘကို သူတို့ မထိန်းနိုင်ဘူးဖြစ်တဲ့ အတွက်ကြောင့် ဒီလိုဖြစ်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ နည်းစနစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် YPS ကတ်ကို အကုန်လုံး ကျ‌‌နော်တို့ကလည်း အားလုံး ဖြစ်အောင် ကားအားလုံးမှာ YPS ကတ်စက်တွေကို တပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်”ဟု CNI သို့ပြောသည်။

ဦးလျန်ကျင့်မန်ကိုတွေ့ရစဉ်

YBS ယာဉ်များအားလုံးတွင် ကတ်စနစ်စက်များ တပ်ဆင်ပါက လက်ရှိ ကြုံတွေ့နေရသည့် ယာဉ်စီးခ တိုးကောက်ခြင်း၊ စပယ်ယာများ၏ ဆက်ဆံမှုမပြေလည်ခြင်းတို့ကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းရန်အတွက် ယာဉ်အားလုံးတွင် ကတ်စနစ်စက်များ တပ်၍ ဖြေရှင်းမည်ဆို သော်လည်း အုပ်ချုပ်မှုပိုင်း အားနည်းပါက ထူးခြားမည်မဟုတ်ကြောင်း YBS စီးနင်းနေသူ ကိုမျိုး(အမည်လွှဲ)က ပြောပြသည်။

ခရီးသည် ကိုမျိုး(အမည်လွှဲ)က “အခုတော့ ပုံမှန်လိုပြန်ဖြစ်သွားပေမယ့် ယာဉ်စီးခတွေ လုံးဝပြောင်းသွားတယ်။ ပြောရရင် YBS စနစ်ကြီးက အရင် မထသနဲ့ မခြားနားဘဲ ပြန်ရောက်နေပြီ။ လုပ်လည်း တစ်ရက်နှစ်ရက်က ပြီးရင် ခဏတာပဲ။ ပြီးရင် အားလုံးပုံမှန်ပြန်ပြီး ပျက်ပြယ်သွားမယ့် ပုံစံမျိုးဖြစ်နေတာ။ အခုတော့ ဘယ်သူက ကတ်သုံးကြတော့လို့လဲ။ ကတ်သုံးတဲ့ သူ တွေတောင် မရှိကြတော့ဘူး။ ရှိလည်း အနည်းအကျဉ်းပေါ့။ ကတ်တွေတောင် ပိုက်ဆံဖြည့်လို့မရတဲ့ ဆိုင်တွေတောင် အများ ကြီး ဖြစ်သွားပြီ။ သုံးနိုင်လည်း ယာဉ်စီးခတွေက ကားသမားတွေကို ပေးရတာဖြစ်သွားပြီ ပုံးထဲ ထည့်ရတာ မဟုတ်တော့ ဘူး”ဟု ပြောသည်။

YPS ကတ်ကိုတွေ့ရစဉ်။

လက်ရှိတွင် YPS ကတ် ၁၀၀၀၀၀(တစ်သိန်း)ခန့် ရောင်းချထားရပြီး ယာဉ်စီးခဖြည့်သည့် ကတ်အရေအတွက်မှာ ၇၀၀၀၀(ခုနှစ်သောင်း)ခန့်ရှိကြောင်း၊ ထိုအထဲကမှ ပုံမှန်အသုံးပြုသူ ဦးရေမှာ ၃၀၀၀၀ (သုံးသောင်း)ခန့်ရှိသည်။

ကတ်အသုံးပြုပြီး ယာဉ်စီးခပေးချေခြင်းအပြင် mobile wallet များမှ တစ်ဆင့် QR ကုတ် အသုံးပြု၍ ယာဉ်စီးခ ပေးချေခြင်း များအား ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ ယာဉ်စီးခ ဖြည့်ခြင်းအား online မှတဆင့် ဖြည့်၍ ရနိုင်ရန်အတွက်လည်း လုပ်ဆောင်နေကြောင်း သိရသည်။