၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၇

(၃၅)ကြိမ်မြောက် အောင်ဘာလေထီ ရောင်းချရမှု ပြီးခဲ့တဲ့လထက် အုပ်ရေ ၂၀၀၀၀(နှစ်သောင်း)ကျော် ပိုမိုရောင်းချခဲ့ရ ကြောင်း ထီကုန်သည်များထံမှ သိရသည်။

အောင်ဘာလေ ထီရုံးမှတဆင့် ရောင်းချမှုကို ယနေ့(ဇန်နဝါရီ ၂၇ ရက်နေ့)တွင် စာရင်းပိတ်၍ တွက်ချက်ကြည့်ရာ ပြီးခဲ့သည့် လထက် အုပ်ရေ ၂၀၀၀၀(နှစ်သောင်း)တိုးလာကြောင်း ထီကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အုပ်ရေက ပြီးခဲ့တဲ့လထက် ၂ သောင်းကျော် ပိုရောင်းရလိမ့်မယ်။ ပြီးခဲ့တဲ့လက ၂ သိန်း ၇ သောင်း၊ အခု ၂ သိန်း ၈ သောင်း နည်းနည်းကျော်မယ်။ ပြီးခဲ့တဲ့ လထက်စာလို့ရှိရင် ဒီလ အုပ် ၂ သောင်းကျော် ပိုရောင်းရတယ် ဒါပါပဲ။ ပြီးခဲ့တဲ့လမှ စတက်တာပါ။ ပြီးခဲ့တဲ့လက Happy New Year က ထီရောင်းကောင်းတဲ့ လတွေလေ။ ၂ သောင်းတက်တာ အဲဒီ ၂ သောင်းက ဒီလမှာ နည်းနည်းလေး ၂ သောင်းထပ်တက် ဒီလောက်ပါပဲ”ဟု ပြောသည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်း ထီရောင်းအား တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ အုပ်ရေ ၂ သိန်း ၆ သောင်းသာ ရောင်းချနိုင်ခဲ့သည်။သို့သော် ပြီးခဲ့သည့် လမှစတင်၍ အုပ်ရေ ၂ သောင်း ပိုမိုရောင်းချလာနိုင်ခဲ့ကြောင်း ထီကုန်သည်များထံမှ သိရသည်သည်။

နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင် အောင်ဘာလေထီ ရောင်းအားသည် အက္ခရာ (၄၂)လုံး ထုတ်ဝေ၍ အုပ်ရေ (၃,၄၃၆,၃၅၆) အုပ်ရောင်းချရလျက်ရှိသော်လည်း လက်ရှိတွင် အက္ခရာ (၁၀) လုံးသာ ထုတ်ဝေလျက်ရှိသည်။

အောင်ဘာလေထီအတွက် ဆုငွေချီးမြှင့်ရာတွင် ရောင်းချရငွေ၏ ၇၀ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းကြောင့် ယခု ဇန်နဝါရီလ ၌ ထီရောင်းချရမှု အုပ်ရေ ၂၀၀၀၀(နှစ်သောင်း)ကျော် တိုးလာသည့်အတွက် ဆုငွေ ခွဲဝေရာတွင်လည်း အရေအတွက် တိုးလာ မည်ဖြစ်ကြောင်း ထီကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထီဆုက ရောင်းအားတက်လေ နည်းနည်းတိုးလေပါပဲ။ သူက ဘယ်လောက် ဖြစ်သွားမလဲဆိုရင် ခန့်မှန်းခြေ ၃ လုံးတူ နည်းနည်း ထပ်တိုးလာမယ့် သဘောတော့ရှိတယ်။ ၂ သောင်း (အုပ်ရေ) ဆိုရင် သိန်း ၁၄၀၀ ပေါ့။ သိန်း ၁၄၀၀ ဆိုရင် အနည်း ဆုံး တစ်ယူနစ်လောက် ထပ်တိုးမှာပေါ့။ ၃ လုံးတူက ပြီးခဲ့တဲ့ပတ်က ၇ ဆုဖွင့်ရင် ဒီလ ၈ ဆု ဖွင့်မှာပေါ့ ဒါပါပဲ။ အဲမှာ သိန်း ၂၀၀ တွေကလည်း ပြီးခဲ့တဲ့လ ၇ ဆုဆို ဒီလ ၈ ဆုတွေတော့ တိုးလာမှာပေါ့။ ရောင်းရတဲ့အတွက် ဆုမဲလေး နည်းနည်းတိုးလာ မယ်။ ပြန်ကျသွားလို့ရှိရင်လည်း ပြန်လျော့သွားမယ် အဲလိုမျိုးပေါ့။ လောလောဆယ် လက်ရှိ ီရောင်းအားနဲ့တော့ သိန်း ၅၀၀၀(ငါးထောင်)ပဲ။ ကြည့်ရတာ ၉ အက္ခရာ အုပ် လေးသိန်းလောက် ကုန်သွားရင်တော့ သိန်းတစ်သောင်းဆု ပေးလို့ရတယ် လေ။ အဲဒီ အုပ် လေးသိန်း ကုန်ပါ့မလား။ လက်ရှိ ဒီဘတ်ဂျက်နဲ့တော့ မမြင်ပါဘူး။ မရလောက်ဘူး ထင်တာပဲ”ဟု ပြောသည်။

ထီကုန်သည်များအနေဖြင့် အောင်ဘာလေထီရုံးတွင် ဘဏ္ဍာနှစ် တစ်နှစ်အတွက် ထီဝယ်ယူမှု ကြိုတင်သွင်းထားရခြင်းကြောင့် ထီရောင်းချမှုသည် ၂၆၀၀၀၀(နှစ်သိန်းခြောက်သောင်း) ပုံမှန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အောင်ဘာလေထီ ရောင်းချရမှု အများဆုံးသည် နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းငယ်သာရှိကြောင်း ထီကုန်သည် များထံမှ သိရသည်။