CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

လက်ရှိတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအနေဖြင့် အခက်အခဲများရှိနေကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်းထံမှ သိရသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်သော်လည်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် တန်ဆာခ၊ ကုန်သယ်ယူခများမှာ ဈေးမတက်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဥက္ကဋ္ဌ ဦးကျင်သိန်းက “စက်သုံးဆီဈေးက မြင့်တက်တယ် တန်ဆာခတွေက မမြင့်တက်လာဘူးပေါ့။ စက်သုံးဆီနဲ့ တန်ဆာခကလည်း တိုက်ရိုက်အချိုးမကျဘူးပေါ့။ အလုပ်အကိုင် အခွင့်လမ်းတွေကလည်း ခပ်ပါးပါး ခပ်ရှားရှားပဲ။ ကျနော်တို့ရမယ့် ကျနော်တို့ ခံစားရမယ့် ခံစားခွင့်တွေအားလုံးက စက်သုံးဆီ စရိတ်ထဲရောက်သွားတာပေါ့။ ကျနော်တို့က ကီလိုမီတာ ၁၃၀၀ ပတ်ချာလည်ပေါ့နော်။ ရန်ကုန်-မန္တလေး ကီလိုမီတာ ၆၀၀ ခန့်၊ ရန်ကုန်-တောင်ကြီး ကီလိုမီတာ ၆၅၀ အဲ့လောက်ပတ်ဝန်းကျင်လောက် သွားနေတာဆိုတော့ အသွားအပြန် ကီလိုမီတာ ၁၃၀၀ ပတ်လည်လောက်မှာ ဆီဂါလံ ၉၅ ဂါလံနဲ့ ဂါလံ ၁၀၀ ကုန်တာပေါ့။ ခါတိုင်းက ၅ သိန်းခွဲလောက် ၅ သိန်း ၃ သောင်းလောက်ရပေမယ့် အခု ၆ သိန်းကျော်သွားတာပေါ့ ၆ သိန်းခွဲလောက်ဖြစ်သွားတာပေါ့။ ဒါတွေက ကျနော်တို့ ရမယ့် ခံစားငွေထဲကနေပေးရတော့ ကျနော်တို့တွေကလည်း မကိုက်ဘူးပေါ့ဗျာ” ဟု ဆိုသည်။

စက်သုံးဆီဈေးများမြင့်တက်နေသည့်အတွက် တွက်ခြေမကိုက်သော်လည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှိ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ လုပ်သားများ၏ စားဝတ်နေရေးအတွက် ကုန်စည် ပို့ဆောင် ရေးကို ဆက်လက်လုပ်ဆောင်နေရကြောင်း သိရသည်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် စက်သုံးဆီများအား  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ရောင်းချသူများအသင်းမှ အထူးဆိုင်များဖြင့် ရောင်းချပေးလျက်ရှိသော်လည်း ထိုဆိုင်များတွင် ယာဉ်တစ်စီးလျှင် ငါးသောင်းဖိုးခန့်သာ ရောင်းပေးနေသည့်အတွက် အဆင်မပြေကြောင်း သိရသည်။

ဥက္ကဋ္ဌ ဦးကျင်သိန်းက“ကျနော်တို့ ကိုက်ခြင်း၊ မကိုက်ခြင်းထက်စာရင် အားလုံးအဆင်ပြေဖို့အတွက်ကိုပဲ ဦးတည် တာ။ ကျနော်တို့က တနေ့ ကောင်းနိုး ကောင်းနိုး‌ပေ့ါနော်။ အဲ့အပေါ်မှာ စောင့်ပြီးတော့ပဲ ဝိုင်းပြီးတော့ လုပ်အားပေး တယ်လို့ပဲ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေကတော့ သတ်မှတ်ထားတာပေါ့နော်။ ကျနော်တို့ မကိုက်လို့မသွားပေမယ့် ငါလည်းမကိုက်ဘူးပေါ့၊ သူလည်းမကိုက်ဘူးဆို အကုန်လုံးက အလုပ်ကိုင်အခွင့်လမ်းတွေရှားပါးလာမယ်။ ကုန်စည် စီးဆင်းမှုမှာ အနှောင့်အယှက်ဖြစ်သွားမယ်။ အဆင်မပြေဘူးလေ။ နောက် ကျနော်တို့ကလည်း ဒီ transport နဲ့ logistics ပဲ လုပ်တတ်တယ်ဆိုတော့ ကျနော်တို့ ကိုက်ကိုက်၊ မကိုက်ကိုက် ဒီလုပ်ငန်းကတော့ လုပ်နေရမှာပဲလေ” ဟု ပြောသည်။

စက်သုံးဆီဈေးမြင့်တက်နေသည့်အတွက် ယခင်သွားနေကျလမ်းကြောင်းများအစား  အခြားအဆင်ပြေမည့် လမ်းကြောင်းများအား ပြောင်းလဲပြေးဆွဲနေမှုကို လုပ်ဆောင်နေရကြောင်း သိရသည်။

လက်ရှိတွင် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား တင်ပို့မှုများရှိနေပြီး ကုန်ပစ္စည်းများမှာ ပုံမှန်တင်ပို့မှုအနေအထားသာဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်(ယနေ့) စက်သုံးဆီဈေးနှုန်းများကတော့ အောက်တိန်း 92 မှာ ၁၆၆၅ကျပ်၊ အောက်တိန်း 95 မှာ ၁၇၈၀ ကျပ်၊ ဒီဇယ် ၁၆၇၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်မှာ ၁၇၀၅ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။