CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈

နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံမှ ပြောင်းများ တင်ပို့ခွင့်ကာလ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် တန်ချိန် ၁.၅ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြဝတီနယ်စပ်ရှိ ဂိုဒေါင်များသို့ ပြောင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် သင်္ဘောလိုင်းဖြင့် ပိုမို တင်ပို့ ထားသည့်အတွက် အခွန်ကင်းလွတ်ခွင့်ကာလ၌ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ယခင်နှစ်ထက် တင်ပို့မှု လျော့ကျနိုင်ကြောင်း၊ သို့သော် တန်ချိန်အားဖြင့် ၁.၅ သန်းသာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

ဦးမင်းခိုင်က “မနှစ်က ဒီလိုအချိန်မှာ Normal Trade က သွားထားတဲ့ ပမာဏနဲ့ ဒီနှစ်က သွားထားတဲ့ ပမာဏက ပိုများနေ တယ်လေ။ မနှစ်က ဒီလိုအချိန်မှာ Normal Trade က တန်ချိန် ၃ သိန်းလောက်ပဲ သွားထားတဲ့အချိန်မှာ အခုချိန်မှာ Normal Trade က တန်ချိန် ၆ သိန်းလောက် သွားထားပြီးပြီပေါ့။ တန်ချိန် တော်တော်များများကို သွားထားတယ်။ နောက်တစ်ခုက ပြည်တွင်းမှာ မနှစ်ကနဲ့ ပုံမှန်ပဲ ပြည်တွင်းသုံးက ရှိတယ်။ အဲဒီအတွက် မနှစ်ကထက် ထိုင်းကို Border Trade ကသွားတာ စုစု ပေါင်း တန်ချိန် ၁.၇ သန်း ရှိတယ်။ အန်ကယ်တို့ မှန်းကြည့်တာ အများဆုံးမှ ၁ သန်းခွဲလောက် ၁.၅ သန်းလောက်ပဲ သွားနိုင် လိမ့်မယ်လို့ အန်ကယ်တို့ မျှော်လင့်ထားတာပေါ့”ဟု CNI သို့ ပြောသည်။

ပြောင်းပင်များ ဆေးဖျန်းနေစဉ်။

မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်၊ လာအို၊ ထိုင်း စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိသလို ပင်လယ်ရေ ကြောင်းကတဆင့် ကုန်သွယ်မှု ပြုလုပ်ရာမှာတော့ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ် စသည့် နိုင်ငံများသို့လည်း တင်ပို့လျှက် ရှိကြောင်း သိရသည်။

ထို့နောက် ယခုနှစ်တွင် ပြောင်းတင်ပို့မှု၌ ဝယ်လိုအားများပြီး တင်ပို့မည့် လမ်းကြောင်းများလာကြောင်း၊ လာရောက်ဝယ်ယူ သည့် ကုမ္ပဏီအဖွဲ့အစည်းများ များပြားလာကြောင်း၊ ထို့ကြောင့် ပြောင်းစိုက်တောင်သူများအတွက် ဈေးတန်းတစ်ခု ရှိနေ ကြောင်း ပြောင်းကုန်သည်တစ်ဦးဖြစ်သည့် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ပြောင်းဖူး။

၎င်းက “အရင်တုန်းကတော့ မြဝတီ တစ်ပေါက်တည်း။ အခုလည်း သုံးပုံ ပုံလို့ရှိရင် တစ်ပုံလောက်ကတော့ မြဝတီရောက် နေ တာပေါ့။ တချို့ တစ်ပုံလောက်ကတော့ ဆိပ်ကမ်းကနေ ထွက်သွားတာရှိတယ်။ သင်္ဘောတင် ရောင်းကြတာပေါ့နော်။ အဲလို ရောင်းကြတာတွေလည်း ရှိတယ်။ အခုဆိုရင် တရုတ်နယ်စပ်မှာက ကိုတာပြောင်းအနေနဲ့ သွားဖို့ရှိလို့ ထင်တယ်။ ဒါပေမယ့် တခြားလမ်းက မျှော်မှန်းမထားတဲ့ တခြားရောင်းဝယ်မှု ပုံစံတွေလည်း ရှိကောင်း ရှိနိုင်တာပေါ့နော်။ ကျင်စန်းကျော့တို့၊ ချင်းရွှေဟော်တို့ အရောက်ကိုလည်း ပြောင်းတွေက မြောက်ပိုင်းအထိ ထွက်ဝယ်ကြတဲ့ ကုမ္ပဏီတွေ၊ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ လည်း ရှိတဲ့အခါကျတော့ ဒီနှစ်ကတော့ ပြောင်းကတော့ ရောင်းစရာ မျက်နှာပန်းလှတဲ့ ကုန်တစ်ခုပါပဲ။ တောင်သူအတွက်က ဈေးတန်း တစ်ခုပေါ်မှာပဲ ရှိတယ်။ သယ်ယူပို့ဆောင်မှု မခက်ခဲဘဲနဲ့ ရောင်းလို့ဝယ်လို့ ကောင်းတဲ့ ကုန်ပစ္စည်းတစ်ခုပါပဲ” ဟု ပြောသည်။

ယခုနှစ် အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပြောင်းဈေးနှုန်းမှာ ပြောင်းတစ်ပိဿာလျှင် ၈၁၅ ကျပ် ဈေးနှုန်းရရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိကြောင်း၊ တစ်နှစ်လျှင် ဆောင်းပြောင်း၊ နွေပြောင်း၊ မိုးပြောင်းဟူ၍ (၄)လတစ်ကြိမ် ထွက်ရှိကြောင်း သိရသည်။