၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးသို့ ယခင်က တစ်ရက်လျှင် ရွှေပိဿာ ၅၀ နီးပါး နေ့စဉ် လာရောက်ဝယ်ယူမှုများ ရှိသော်လည်း လက်ရှိတွင် လာရောက်ရောင်းချမှုသာ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “လာဝယ်တယ်ဆိုတာထက် လာရောင်း တာက ပိဿာချိန် ၅၀ လောက် ရှိပါတယ်။ အဲဒါကို ကျနော်တို့ အသင်းရုံးက လက်ခံပြီးတော့ ဝယ်ပေးနေပါတယ်။ ဈေးတက်တဲ့အချိန်တုန်းက ၂၂ သိန်းတုန်းကတော့ ဘဏ်တွေက ကောလဟလတွေ၊ လမ်းတွေက ပိတ်တာတွေ၊ ရွှေက ရှားပါးတာတွေ၊ နောက် ဆိုင်တွေကလည်း ကျနော်တို့ ကိုဗစ်နဲ့ ပိတ်ထားတဲ့အခါကျတော့ ပစ္စည်းရှားတာ ပေါ့။ အခုကျတော့ အဲဒါတွေ အကုန်လုံး ပြောင်းပြန် ဖြစ်သွားတယ်ဗျ။ ဆိုင်တွေက အားလုံး ပြန်ဖွင့်တော့ အထည် ပျက်ကုန်ကြမ်းတွေ ဝင်လာပြီ။ ရွှေကလည်း သယ်ယူလို့ လွယ်သွားပြီ။ ကျနော်တို့ ရွှေသန့်စင်တဲ့နေရာမှာလည်း ကုန်ကြမ်းပစ္စည်းတွေ အားလုံး အလုံအလောက် ရှိသွားပြီပေါ့။ သယ်ယူပို့ဆောင်ရေးတွေလည်း လွယ်လာပြီ။ နောက် ဗဟိုဘဏ်ကလည်း ကျနော်တို့ မကြာမကြာ ဒေါ်လာထုတ်ရောင်းပေးတဲ့အတွက် ဒေါ်လာဈေးကို ထိန်းပေး တဲ့အတွက် ရွှေဈေးကလည်း ပြန်ပြီးတော့ ဈေးကျသွားတာပါပဲ” ဟု ပြောသည်။

ဇန်နဝါရီ ၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ ရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၁,၈၆၉,၅၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရသည်။

ဒါ့အပြင် လက်ရှိကာလသည် ပွင့်လင်းရာသီဖြစ်ပြီး သာမန်အားဖြင့် ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းမည့်အချိန် ဖြစ်သော်လည်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲပေါ် မူတည်ပြီး ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ပြောင်းလဲလာနိုင် ကြောင်း ဦးမျိုးမြင့်က ဆက်ပြောသည်။

“ရွှေဈေးကတော့ ပုံမှန်အတိုင်းဆိုရင်တော့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် အကျပိုင်းကို သွားမှာပေါ့။ ကျနော်တို့ ပြည်တွင်းအနေနဲ့ အကျပိုင်းကို သွားနေတယ်။ ဒေါ်လာကလည်း ကျနေတယ်။ ရွှေကလည်း ရွှေထွက်တဲ့ရာသီ ဖြစ်နေတယ်။ အဲဒါတွေအတွက် ကျနော်တို့ အကျပိုင်းပေါ့။ ဒါပေမယ့် ကျနော်တို့ ဈေးက ကမ္ဘာ့ဈေးနဲ့ ချိတ်ဆက် ထားတဲ့ ဆိုင်တွေကတော့ ကမ္ဘာ့ဈေးတက်လာရင်တော့ ကျနော်တို့ တက်လာတဲ့အပိုင်း ရှိပါတယ်ဗျ” ဟု ပြော သည်။

ဗဟိုဘဏ်က ဦးဆောင်ပြီး ရွှေဈေးနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ကြပ်မတ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း ခဲ့ကြောင်း နစက ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ယင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ တည်ငြိမ်လာနိုင်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။