CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

နေပြည်တော်မှာ ရောင်းချနေသည့် ရွှေဒင်္ဂါးပြားများကို စက်တင်ဘာလ ၂၄ ရက်နေ့မှစတင်ပြီး ရန်ကုန်နှင့် မန္တလေး တို့တွင်လည်း ရောင်းချပေးမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည်။

ထိုသို့ ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေဒင်္ဂါးပြားများကို ရောင်းချပေးလျှင် ရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ပြီး တစ်ကျပ်သားလျှင် ၂၇ သိန်းအောက်အထိ ရောက်ရှိသွားနိုင်သည်ဟု အမည်မဖော်လိုသူ ရွှေဈေးကွက် လေ့လာ သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဒါတော့ ရည်ရွယ်ချက်ကိုက ရွှေဈေးကျဖို့ ရည်ရွယ်ချက်လေ။ နောက်တစ်ခုက လောလောဆယ်က ဈေးကွက် ထဲမှာက ပစ္စည်းက အိုင်နေသေးတယ်။ ပစ္စည်းအိုင်နေတယ်ဆိုတာက အိန္ဒိယဘက်က အထွက်က မရှိဘူးလေ။ မရှိဘူးဆိုတာက ဟိုနေ့က မှောင်ခိုတွေကို DRI က ဖမ်းလိုက်သေးတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အိန္ဒိယ ဘက်က အထွက်က နည်းနည်းလျော့သွားတယ်။ ဈေးကွက်ထဲမှာ ပစ္စည်းအိုင်နေတာလည်းပါတယ်။ ဝယ်လိုအား တော့ သိပ်မရှိဘူး။ ဒီနေ့ဆိုလည်း ၂၈ အောက် စဖွင့်တယ်။ ရန်ကုန်၊ မန္တလေးလည်း ရောင်းပေးပြီဆိုတော့ ရေရှည် အလားအလာကတော့ အကျများပါတယ်။ ၂၇ အောက်လောက်အထိ သွားနိုင်တယ်” ဟု သူက ပြောသည်။

ရွှေလက်ကောက်များကို တွေ့ရစဉ်

စက်တင်ဘာလ ၅ ရက်နေ့မှစတင်ပြီး နေပြည်တော်တွင် ရွှေဒင်္ဂါးပြားများကို ရောင်းချပေးခဲ့ရာ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွှေဒင်္ဂါးပြားအလေးချိန် ၄၅၅ ဒသမ ၇၅ ကျပ်သား ရောင်းချပေးပြီးပြီဟု သိရသည်။
ဝယ်ယူသူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြသပြီး ရွှေဒင်္ဂါးပြားများကို တစ်ဦးလျှင် တစ်ပြားနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လက်ရှိတွင် တစ်ကျပ်သား ၂၇ သိန်းဝန်းကျင်ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။

လက်ရှိ ရွှေဈေးကွက်အတွင်းတွင် ရွှေဝယ်ယူသူ နည်းပါးနေပြီး လာရောက်ရောင်းချသူများပြားနေခြင်းနှင့် လာမည့် ဒီဇင်ဘာလတွင် ရွှေတွင်းများမှ ရွှေများထွက်ရှိလာတော့မည်ဖြစ်ခြင်းကြောင့် ရွှေဈေးနှုန်းသည် ဆက်လက် ကျနေမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သို့ပြောသည်။

“ဈေးကွက်ကတော့ ကျနော်တို့ ဒီဇင်ဘာဆိုရင် တွင်းထဲက ရွှေတွေကလည်း ထွက်လာပြီပေါ့။ အခုလောလော ဆယ်က ကျနော်တို့ ပြန်ရောင်းတဲ့ အထည်ပျက်တွေနဲ့ပဲ ဈေးကွက်ထဲမှာ လည်ပတ်နေတာပေါ့။ အထည်ပျက် တွေကလည်း အဝင်များပါတယ်။ပစ္စည်းအဝင်များတယ်။ ဈေးကလည်း ကျတယ်။ ကျနော်တို့ အဝယ်မရှိဘူး။ အလုပ်အကိုင်တွေ ပါးတဲ့အခါကျတော့ ရွှေဝယ်ပြီး စုတဲ့သူ လောလောဆယ် နည်းတယ်ပေါ့။ နည်းတဲ့အတွက် ရွှေဈေးကတော့ ဆက်ပြီးတော့ ကျနေအုံးမှာပါပဲ” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရွှေဈေးနှုန်းကို အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်းအထိ ကျဆင်း သွားစေရန် လုပ်ဆောင်နေပြီး လက်ရှိတွင် ပြည်တွင်းဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း ကျဆင်း နေခြင်းကြောင့် အဆိုပါဈေးနှုန်းသည် လာမည့်လတွင် ရောက်ရှိသွားနိုင်သည်ဟု ရွှေဈေးကွက်လေ့သာသူများနှင့် ရွှေလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။