၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၉
မူဆယ် ၁၀၅ မိုင်မှ ဒေါ်လာဖြင့် အခွန်ဆောင်ထားသော ကုန်ပစ္စည်းများအား တရုတ်သို့ တင်ပို့ရာတွင် ယွမ်ဖြင့် ထပ်မံအခွန်ဆောင်ရမည်ဟု တရားဝင် စာမထွက်သေးသော်လည်း သတင်းများထွက်ပေါ်နေကြောင်း မူဆယ် ကုန်သည်များထံကနေ သိရသည်။
ထို ကုန်ပစ္စည်းများသည် ၂၀၂၁ ခုနှစ်က ကိုဗစ်ကြောင့် တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက် သိုလှောင်ထားခဲ့ရသော ကုန်ပစ္စည်းအဟောင်းများဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အန်ကယ်တို့ကုန်သည်တွေက ကုန်ပစ္စည်းမျိုးစုံကို ၁၀၅ မိုင်မှာ ဟိုးအရင်ကတည်းကပေါ့ ဇူလိုင်လမတိုင်ခင်ကတည်းကနေ ကုန်ပစ္စည်းတွေ တင်လာပြီးတော့ အခွန်ဆောင်တယ်။ အခွန်ဆောင်ပြီးတော့ အဲဒါကို အမေရိကန်ဒေါ်လာနဲ့ ဆောင်ရတာ။ အခုကျတော့ အဲ့ဒါ အပြင်တဲ့ တရုတ်ပြည်ကိုထပ်ဝင်မယ်ဆိုရင် ယွမ်ငွေနဲ့ ထပ်ဆောင်ရမယ်တဲ့။ ဒီ့အတွက် အန်ကယ်တို့ ကုန်သည် တွေက အခွန်ဆောင်တာ ၂ ခါဆောင်တဲ့ပုံစံဖြစ်သွားမယ်။ အဲ့အတွက် ကုန်သည်တွေက အများကြီးနစ်နာတယ်။ ကားတွေမသွားရလို့ လပိုင်းများစွာပိတ်မိနေလို့ ဆုံးရှုံးနစ်နာရတာက တမျိုး၊ ပစ္စည်းတွေ အရည်အသွေးညံ့သွားလို့ ဈေးနည်းရတာတမျိုး” ဟု ဆိုသည်။
တရုတ်သို့ တင်ပို့ရန်သွားသည့် ဆန်အပါအဝင် အခြားကုန်ပစ္စည်းမျိုးစုံတင်ဆောင်ထားသည့် ကုန်ကားများအား ကျင်စန်းကျော့ဂိတ်တွင် ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက ယာဉ်စစ်ဆေးမှုများမပြုလုပ်ပေးသည့်အတွက် ကုန်ကား အများအပြား တရုတ်ပြည်သို့ ဝင်ခွင့်မရဘဲ ကျင်စန်းကျော့ဂိတ်တွင် ပိတ်ဆို့နေကြောင်း သိရသည်။
မြန်မာဘက်ရှိ အကောက်ခွန်ဌာနက ယွမ်ငွေဖြင့် အခွန်ဆောင်ရမည့်ကိစ္စများအား သေချာမသိရှိရသေးသဖြင့် ကုန်ပစ္စည်းတင်ဆောင်ထားသည့် ကားများအား အခွန်စီးကြပ်မှုမပြုလုပ်ဘဲ ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း လည်း သိရသည်။
ဦးမင်းသိန်းက “ခေတ္တရပ်ဆိုင်းသွားတဲ့အတွက် ကုန်စည်စီးဆင်းမှုက တော်တော်လေးရပ်တန့်သွားတယ် အသီး အနှံကလွဲလို့ပေါ့နော်။ ဗမာပြည်ကနေ တရုတ်ပြည်ကိုသွားတဲ့ ကုန်ပစ္စည်းဟာ အသီးအနှံကလွဲလို့ ကျန်တဲ့ ကုန် ပစ္စည်းမှန်သမျှ ၃ ရက်ရှိပြီ တိတိ၊ ဗမာပြည်ကနေ တရုတ်ပြည်ထဲကို လုံးဝဝင်လို့မရဘူး။ ဒါကြောင့် အများကြီး နစ်နာဆုံးရှုံးမှုတွေရှိတယ်။ အဲဒါတွေကို အမြန်ဆုံး သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြေရှင်းပေးဖို့ အန်ကယ်တို့ ကုန်သည်တွေအနေနဲ့ တောင်းဆိုပါတယ်။ အန်ကယ်တို့ကုန်သည်တွေက အရင်တခါတုန်းကလည်း ၁၀၅ မိုင် ကိုဖြတ်လာတော့ အမေရိကန်ဒေါ်လာနဲ့ အခွန်ဆောင်ရပြီးပြီ။ ပြီးလို့ရှိရင် ဒီ ကုန်ပစ္စည်းတွေက လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ပိတ်မိနေတဲ့ကုန်ပစ္စည်းတွေ။ အဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေအများကြီးရှိတယ်။ ကုန်သည် တွေက အကျပ်အတည်းဖြစ်နေတဲ့အချိန်ခါမှာ ထပ်ပြီးတော့ အခုလို အခွန်ငွေကို ၂ ခါဆောင်ရမယ့် သဘော ဖြစ်သွားတဲ့အတွက် အများကြီးဆုံးရှုံးနစ်နာသွားတယ်။ ဒီ့အတွက် အန်ကယ်တို့အနေနဲ့ ထပြီး အော်ရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုကုန်သွယ်ခြင်းကို ဇန်နဝါရီ ၁၂ ရက်နေ့က စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က တရုတ်မှ ခါလီကားအပါအဝင် ကုန်ပစ္စည်းမျိုးစုံတင်ထားသည့်ကား ၈၂ စီးခန့် မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ ၂၇ ရက်နေ့ကလည်း ၄၈ စီးခန့် ဝင်ရောက်လာကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များအနက် ရှမ်းပြည် နယ်မှ ကျင်စန်းကျော့ဂိတ်၊ ကချင်ပြည်နယ်မှ ကန်ပိုက်တီဂိတ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို သာ ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။