CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁

Gold Paper (စက္ကူရွှေ)ကို ဘဏ်ကနေတဆင့် ရောင်းချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် ဘဏ်လုပ်ငန်းရှင်တချို့ ဆွေးနွေးပြီးနောက် အင်္ဂလန်နိုင်ငံမှ ရွှေကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် လုပ်ကိုင်လိုကြောင်း ကမ်း လှမ်းခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

Gold Paper (စက္ကူရွှေ)အတွက် ရွှေသန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ရွှေနှင့်ဘဏ် လုပ်ငန်းရှင်များ ဆွေးနွေးအပြီး ဗဟိုဘဏ်သို့ ပြီးခဲ့သည့် ၃ လခန့်ကတင်ပြစဉ် အင်္ဂလန်နိုင်ငံမှ ရွှေကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Gold Paper (စက္ကူရွှေ)ဆိုသည်မှာ ဘဏ်တွင် ရွှေများအပ်နှံထားခြင်း (သို့မဟုတ်) ဘဏ်ကနေ ရွှေများ ဝယ်ယူသည့် အခါမှာ အသိအမှတ်ပြု ထုတ်ပေးသည့် လက်မှတ်ကို ဆိုလိုခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “လုပ်ဖို့တော့ ကမ်းလှမ်းထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ဆီက အဆင်မပြေသေးဘူးဗျ။ ကျနော်တို့ဆီမှာ ဥပဒေက ပြည့်ပြည့်စုံစုံ မရှိသေးလို့။ ဘဏ်တွေမှာ လုပ်ထုံးလုပ် နည်း မရှိသေးလို့။ ဘဏ်ဖွဲ့စည်းပုံဥပဒေ ပြန်ဆွဲရမယ်။ ဒီမှာ လာကြည့်ပြီးသွားပြီ။ ဒီက ခွင့်မပြုသေးတာ”ဟု CNI သို့ ပြော သည်။

အဆိုပါ စက္ကူရွှေကို  ဘဏ်မှတဆင့် စက္ကူရွှေရောင်းချနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များနှင့် Shwe Bank တို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆွေးနွေးခဲ့ကြပြီး ဗဟိုဘဏ်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရွှေများ ပြည်ပသို့ တင်ပို့ရာတွင် မှောင်ခိုဈေးကွက်များမှ တင်ပို့မှုများရှိနေကြောင်း ရွှေလုပ်ငန်းရှင် များ ထံမှ သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းထက် ၂ သိန်းလျော့နည်း၍ ရရှိနေခြင်းကြောင့် ယခုစက္ကူရွှေကို အင်္ဂလန်ရှိ ရွှေကုမ္ပဏီက လာ ရောက် လုပ်ကိုင်ခွင့် ရမည်ဆိုပါက နိုင်ငံတကာသို့ ရွှေရောင်းချရာမှာ ကမ္ဘာ့ရွှေဈေးနှုန်းနည်းတူ ရောင်းချခွင့် ရရှိမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

၎င်းက “အကျိုးတော့ ရှိတာပေါ့။ ကျနော်တို့ဆီက ကျိုတဲ့ရွှေက နိုင်ငံခြား အဲဒီ အင်္ဂလန်ဘဏ်မှာ ရောင်းချနေတဲ့တံဆိပ်နဲ့ ကျနော်တို့ ဝင်ကျိုမှာလေ။ ကျိုတဲ့အခါကျတော့ ရွှေက ဒီမှာ ဘဏ်မှာ အပ်ထားမယ်။ အင်္ဂလန်မှာ ကျနော်တို့ စာရွက်နဲ့ပဲ ဘဏ်ကပေးတဲ့ စာရွက်နဲ့ SKR ပေါ့။ ဘဏ်မှာ ရွှေလက်ခံရရှိကြောင်း အဲစာရွက်နဲ့ ဒီဘက်မှာ အရောင်းအဝယ် လုပ်တာပေါ့။ အဲတော့ ကျနော်တို့ရွှေဈေးက ကမ္ဘာ့ရွှေဈေး ရတာပေါ့ ကျနော်တို့က။ အခုတိုင်းက ကျနော်တို့က ၂ သိန်းလောက် ကွာတယ် လေ တစ်ကျပ်သားကို”ဟု CNI သို့ ပြောသည်။

စက္ကူရွှေစနစ်သည် ဘဏ်မှတဆင့် ရွှေများကို ရောင်းချရာတွင် ရွှေစက္ကူများကို အရည်အသွေး စစ်ဆေးထားသည့် လက်မှတ် ရထားသော ရွှေများဖြစ်ကြောင်း၊ ဝယ်ယူမည့် သူများအနေဖြင့် ဘဏ်အကောင့်မှတဆင့် ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။