CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁

ထိုင်းအစိုးရမှ နှစ်နိုင်ငံသဘောတူစာချုပ်(MOU)ဖြင့် အလုပ်သမားများ ခေါ်ယူနေသည့်အတွက် သွားရောက် အလုပ်လုပ် ကိုင် လိုသည့် မြန်မာနိုင်ငံသားများအား အမြန်ဆုံး စေလွှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ပြောသည်။

ဇန်နဝါရီ ၂၇ ရက်က အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး MOU နှင့်ပတ်သက်၍ Demand letter ပို့ဆောင်မည့်ကိစ္စ၊ အလုပ်ရှင် အလုပ်သမား စာချူပ်ချုပ်ဆိုမည့်ကိစ္စ၊ စာချုပ်ခိုင်မြဲရန် ထောက်ခံပေးရမည့်ကိစ္စ၊ အလုပ်သမား စေလွှတ်ရေးကိစ္စ စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက “ကွာရန်တင်းဝင်ရင် ကုန်ကျမယ့် စရိတ်တွေကို သူတို့အလုပ်ရှင်က ကျခံမယ်လို့ တော့ ပြောတာပေါ့။ ပြောပေမယ့်လည်း တို့အလုပ်သမားတွေဆီက ပြန်ဖြတ်မှာစိုးလို့ အလုပ်ရှင်ကကျခံရင် သ‌ဘောတူစာချုပ် ထဲမှာ အလုပ်ရှင်က ကျခံမယ်ဖြစ်တဲ့အကြောင်း၊ အလုပ်သမားဆီက ဖြတ်တောက်ခြင်း မပြုပါဘူးဆိုတဲ့ အကြောင်းလေး လည်း ထည့်ခိုင်းထားတာပေါ့။ အဲ့ဒါလေးတွေ စုံပြီဆိုရင်တော့ နှစ်နိုင်ငံအစည်းအဝေး ဆုံးဖြတ်ချက်လေးတွေ သူတို့ဆီကို ပြန် ပို့မှာပေါ့။ အဲ့ဒါတွေ အတည်ပြုတယ်ဆိုရင် အထက်ဌာန တင်ပြပြီးတာနဲ့ စေလွှတ်ဖို့လုပ်ငန်း စမှာဖြစ်ပါတယ်”ဟု ပြောသည်။

အလုပ်သမားစေလွှတ်ရာတွင် နယ်စပ်ဂိတ်မှတဆင့် စေလွှတ်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှာ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ တာချီလိတ်-မယ်ဆိုင် တို့ရှိကြောင်း၊ မြဝတီ-မဲဆောက်မှ အများဆုံးစေလွှတ်ကြောင်း သိရသည်။

                                                                                                မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

လက်ရှိတွင် မြဝတီ-မဲဆောက်ရှိ ကွာရန်တင်းစခန်းမှာ လူဦးရေ ၅၀၀ အတွက်သာ ရှိသည့်အတွက် ကွာရန်တင်းစခန်းအား တိုးချဲ့ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Demand letter အား ဝန်ကြီးဌာနမှ ခွင့်ပြုရုံဖြင့် ရပြီဖြစ်သည့်အတွက် အချိန်ကာလအားဖြင့် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် လျော့ကျသွားခြင်းကြောင့် အမြန်ဆုံး စေလွှတ်နိုင်မည်ဟု သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက”အလုပ်ရှင် အလုပ်သမားစာချုပ်ပေါ့။ အဓိကကတော့ စာချုပ်ကလည်း အသက် ဖြစ်တယ်။ Demand letter ကလည်း အသက်ဖြစ်တယ်။ ဟိုတုန်းကတော့ Demand letterကို သက်ဆိုင်ရာကနေ တင်လာ တယ်။ တင်လာပြီးရင် သံအရာရှိတွေကို ပြန်ပြီးတော့ စစ်ခိုင်းတာပေါ့နော်။ စစ်ခိုင်းပြီးလို့ မှန်ပြီဆိုတာတောင်မှ တချို့လုပ်ငန်း တွေမှာ အလုပ်ရှင် အလုပ်သမားပြဿနာတွေက အများကြီး ရှိခဲ့တာပေါ့။ ခုကိုဗစ်ကာလကျတော့ သွားစစ်ဖို့ကလည်း ခက်ခဲ တယ်။ စာချုပ်ကလည်း အလုပ်ရှင်ကိုယ်တိုင် ဟိုဘက်ကနေ ဒီဘက်ကူးလာဖို့ အခက်အခဲရှိတာပေါ့။ ထို့အတူ အလုပ်သမား ကလည်း ဟိုဘက်ကို သွားတဲ့အခါမှာ ကွာရန်တင်း ဝင်ရမှာတွေ ရှိတာပေါ့။ ဒီစာချုပ်နဲ့ပတ်သက်လို့ ခိုင်လုံအောင် ဆောင်ရွက် မယ့် ကိစ္စလေးတွေ လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒါ‌လေးတွေ သဘောတူညီမှု ရလာရင်တော့ ဒီ MOU လုပ်ငန်းစဉ် အမြန်ဆုံး ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု CNI သို့ ပြောသည်။

ထိုင်းနိုင်ငံသို့ MOU ဖြင့် သွားရောက် လုပ်ကိုင်မည်ဆိုပါက ထိုင်းအစိုးရမှ သတ်မှတ်ထားသည့်စရိတ်မှာ ထိုင်းဘတ်ငွေ ၁၀၀၀၀ (တစ်သောင်း)ကျော်ကနေ ၂၀၀၀၀(နှစ်သောင်း)အထိရှိကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အကူအညီ ပေးနေသည့် အဖွဲ့များထံက သိရသည်။