CNI News

၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁

လက်ရှိတွင် စက်သုံးဆီဈေးများမြင့်တက်နေသည့်အတွက် အဝေးပြေးကုန်စည်ပို့ဆောင်ရေး ယာဉ်အချို့မှာ ရပ်နား လာကြကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ သိရသည်။

ရပ်နားလာသည့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးယာဉ်များမှာ စက်သုံးဆီဈေးအခြေအနေအပေါ် စောင့်ကြည့် သည့်အနေဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့် ရပ်နားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဥက္ကဋ္ဌ ဦးကျင်သိန်းက“အခုက ယာဉ်မောင်းခ ကျန်သလောက်တောင် ကားခတွေ ယာဉ်ပိုင်ရှင်တွေက မရတဲ့ အတွက်ကြောင့် တခါတခါကျတော့လည်း ကျနော်တို့ စိတ်ဓာတ်ကျတာပေါ့။ ဒီ စက်သုံးဆီဈေးနှုန်းတွေကလည်း မြင့်တက်လာတယ်။ စက်သုံးဆီမြင့်တက်လာသလို တခြား အင်ဂျင်ဝိုင်တို့ တာယာတို့ ဆက်စပ်ပစ္စည်းတွေက လည်း ဈေးနှုန်းမြင့်လာတာပေါ့။

မြင့်လာတဲ့အခါကျတော့ ကျနော်တို့တွေ လုပ်ပြီးတော့ ရတဲ့ပိုက်ဆံက ရှစ်သောင်း ရလိုက် ကိုးသောင်းရလိုက် တစ်သိန်းရလိုက်။ ကားနဲ့ပတ်သက်တဲ့ တစ်ခုခု လိုအပ်ချက်တွေရှိလို့ ပြင်ဆင်စရိတ် တွေ၊ ထည့်ရမယ့်အရံပစ္စည်းတွေနဲ့ကျရင် ကျနော်တို့ အရင်းထဲကပါပါသွားတော့ စိတ်ပျက်စရာကြီးဖြစ်နေတာပေါ့။ နောက်ပြီးတော့ ဆီတန်းစီရတဲ့ ဒုက္ခကလည်းရှိတယ်။ နောက် ဆီကလည်း တစ်ခါပေးမှ အထူးဈေးနှုန်းနဲ့ အပြင် ပေါက်ဈေးနဲ့ ၁၀၀ လောက်ကွာပြီးတော့ အထူးဈေးနှုန်းနဲ့ပေးတာကလည်း ဂါလံနဲ့ပေးတာမဟုတ်ဘဲ ကျပ်နဲ့ ဖြစ်တော့ ကျပ် ငါးသောင်းဖိုးပဲ ထည့်ပေးရတော့ ဆီတန်းစီပြီးတော့ ထည့်ရတဲ့ ဒုက္ခကလည်း တော်တော်ရှိ တယ်”ဟု ဆိုသည်။


ယနေ့(ဖေဖော်ဝါရီ ၁) စက်သုံးဆီပေါက်ဈေးများသည် ရန်ကုန်တွင် အောက်တိန်း 92 မှာ ၁၆၀၅ကျပ်၊ အောက်တိန်း 95 မှာ ၁၆၆၀ ကျပ်၊ ဒီဇယ် ၁၆၃၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်မှာ ၁၆၄၀ ကျပ် ပေါက်ဈေးရှိသော်လည်း အခြားကျေးလက်ဒေသများတွင်မူ ၁၇၀၀ ကျော်ခန့်အထိ ပေါက်ဈေးများရှိနေသည်။

အဝေးပြေးကုန်စည်ပို့ဆောင်ရာတွင် ရရှိသည့် တန်ဆာခသည် ယခုလက်ရှိမြင့်တက်နေသည့် စက်သုံးဆီဈေးနှင့် ယှဉ်ပါက အကျိုးအမြတ်မရှိကြောင်း သိရသည်။

ယခင်နှစ်များတွင် ယခုကာလသည် ခရီးသွားရာသီ၊ ပွင့်လင်းရာသီဖြစ်သည့်အတွက် အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းအတွက် အလုပ်ကောင်းသည့်ကာလ ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းများသည် ဆက်လက်မြင့်တက်မည်ဆိုပါက ကုန်စည်စီးဆင်းမှုပိုင်းတွင် နှောင့်နှေးမှုများ ရှိနိုင်ကြောင်း သိရသည်။


ဥက္ကဋ္ဌ ဦးကျင်သိန်းက “ကုန်စည်ပို့ဆောင်ရေးမှာကျတော့ ဒေသထွက်ကုန်ရှိတဲ့ သီးနှံတွေပေါ့။ စားသုံးကုန်တွေ ထွက်တဲ့ဒေသက အရမ်းကြီးပေါပြီးတော့ မထွက်တဲ့ဒေသက ရှားသွားမှာပေါ့။ နောက်ပြီးတော့ တောင်သူတွေရဲ့ အခွင့်လမ်းတွေလည်း ဆုံးရှုံးသွားတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့က ကျနော်တို့လည်း ခံစားခွင့်ရှိမယ်။ နောက် အကုန်လုံးလည်း အလုပ်ရအောင် ကိုက်တာ မကိုက်တာမဟုတ်ဘူးပေါ့။ ကျနော်တို့ဝိုင်းလုပ်ပေးနေတာပါ”ဟု ပြောသည်။

စက်သုံးဆီဈေးမြင့်တက်နေသည့်အတွက် ယခင်သွားနေကျလမ်းကြောင်းများအစား အခြားအဆင်ပြေမည့် လမ်းကြောင်းများအား ပြောင်းလဲပြေးဆွဲနေမှုကို လုပ်ဆောင်နေရကြောင်း သိရသည်။