CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂
မူဆယ် ၁၀၅ မိုင်မှ ဒေါ်လာဖြင့် အခွန်ဆောင်ထားသော ကုန်ပစ္စည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ပုံမှန်အတိုင်း တင်ပို့ခွင့်ပြုလိုက်ကြောင်း သိရသည်။
လက်ရှိတွင် ယွမ်/ကျပ် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်နေသည့်အတွက် ဒေါ်လာဖြင့် အခွန်ဆောင်ထားပြီးသား ကုန်ပစ္စည်းများ တရုတ်သို့ တင်ပို့ရာ၌ ယွမ်ဖြင့် ထပ်မံ အခွန်ဆောင်ရမည်ဟု သတ်မှတ်ချက်များ ထွက်လာပြီးနောက် ယခုလို သတ်မှတ်လိုက် ခြင်း ဖြစ်သည်။
မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက“ဟိုတနေ့က အစည်းအဝေးမှာ အဲ့ဟာတွေ ပြောတယ်။ စီးပွားကူးသန်းလည်း ပြောတယ်။ နောက် ကာစတန်ကလည်း ပြောတယ်။ တစ်ပတ် ပေးထားတယ်” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက တရုတ်သို့ ဝင်ခွင့်မရသည့် ထိုကုန်ကား အများအပြားသည် ဖေဖော်ဝါရီ ၇ ရက် နေ့အထိ အပြီးသတ် တင်ပို့ရမည်ဖြစ်ကာ ဖေဖော်ဝါရီ ၇ ရက်ထက် ကျော်လွန်၍ တင်ပို့သည့် ကုန်များသည် ဒေါ်လာဖြင့် အခွန်ဆောင် ထားသည့်တိုင် ယွမ်ဖြင့်ပါ ထပ်မံ အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အခုလောလောဆယ် ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းက စပြီးတော့ မဝင်ရတဲ့ ကားတွေကို ဖြေရှင်းပေးချင်လို့ အဲ့လိုသတ်မှတ်လိုက်တာ။ ဇန်နဝါရီ ၂၆၊ ၂၇၊ ၂၈၊ ၂၉ လကုန်အထိ ကားတွေက ပိတ် မိနေတယ်။ အခွန်က ဆောင်ရမှာလား၊ မဆောင်ရဘူးလား ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ အထက်က အမိန့်ကို စောင့်နေရင်း နဲ့ အစည်းအဝေးလုပ်တယ် စီးပွားကူးသန်းမှာ။အစည်းအဝေးလုပ်ပြီးတော့ အခုပိတ်မိနေတဲ့ ကားတွေက ၇ ရက်အတွင်း ၇ ရက် ခွင့်ပြုလိုက်ပါ။ ၇ ရက်အတွင်းတော့ ယွမ်ငွေကနေ ကျပ်ငွေနဲ့ အခွန်စည်းကြပ်တဲ့ဟာ မကောက်ဘူး။ မထမ်းဆောင်ခိုင်း ဘူး။ ယခင် အမေရိကန်ဒေါ်လာနဲ့ ဆောင်ထားပြီးသားဖြစ်တဲ့အတွက် ဒီကားတွေကိုတော့ ၇ ရက်အတွင်းမှာ အပြီးဝင်ခိုင်းမှာ။ တကယ်လို့ တန်းစီတဲ့ကားတွေက ၇ ရက်အတွင်းမှာ မပြီးရင်တော့ မတတ်နိုင်ဘူး”ဟု CNI သို့ ပြောသည်။
တရုတ်သို့ ကုန်သွယ်နေသည့် ကုန်ကားများ
အဆိုပါ အခွန်သည် တရုတ်ဘက်သို့ ပေးဆောင်ရခြင်း မဟုတ်ဘဲ မြန်မာဘက်ရှိ အကောက်ခွန်ဌာနသို့ ဆောင်ရခြင်း ဖြစ် ကြောင်း၊ ၇ ရက်အတွင်း ထိုကုန်ကားများအား အပြီးတင်ပို့ရန်မှာ မဖြစ်နိုင်ကြောင်း မူဆယ်ကုန်သည်အချို့က ပြောသည်။
ထိုကုန်ပစ္စည်းများသည် ပြီးခဲ့သည့်နှစ်ကတည်းက သိုလှောင်ထားရသည့် ကုန်များဖြစ်ခြင်းကြောင့် အရည်အသွေးပိုင်း သာမက ဈေးရရှိမှုပိုင်းမှာပါ ကျဆင်းသည့်အတွက် ယခုကဲ့သို့ အခွန်နှစ်ခါ ပေးဆောင်ရပါက ကုန်သည်များတွင် ဆုံးရှုံး နစ်နာမှုများရှိသည်။
လက်ရှိတွင် တရုတ်နှစ်သစ်ကူးကြောင့် ခေါက်တိုကားများ ရှားပါးနေသည့်အတွက် ခေါက်တိုကား ငှားရမ်းရ ခက်နေကြောင်း သိရသည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “ကားတွေကလည်း လနဲ့ချီပြီးတော့ မူဆယ်မြို့ထဲမှာပိတ်မိ၊ ဂိုဒေါင် အသီးသီးမှာ ပိတ်မိနေတယ်။ နောက်တစ်ခါ မူဆယ်ဂိုဒေါင်ကနေ တရုတ်ပြည်ကို ဝင်ခွင့်ရတော့လည်း ခေါက်တိုကား အခက် အခဲ တွေနဲ့ ကားတွေက ကြန့်ကြာနေတယ်။ ဖြစ်ချင်တာကတော့ ဒါကတော့ ဗမာပြည်ဘက်က လုပ်လို့မရဘူး။ တရုတ်ဘက် က လုပ်ပေးမှ ရမှာ။
ဗမာခေါက်တိုကားတွေက အများကြီးရှိတယ်။ ဗမာဘက်ခြမ်းမှာ။ တွဲကားတွေ။ ဗမာပြည်က တွဲကားတွေ ကို ဗမာဒရိုင်ဘာတွေနဲ့ မောင်းပြီးတော့ တရုတ်ပြည်ကို ဝင်ခွင့်ရမယ်ဆိုရင်တော့ နှစ်နိုင်ငံနယ်စပ်မှာ ကြန့်ကြာနေတဲ့ ကုန်စည် ပို့ဆောင်ရေးကားတွေက မြန်ဆန် သွက်လက်လာမယ်လို့ ယူဆတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ ဗမာကားတွေ ကို တရုတ်နိုင်ငံကို ဝင်ထွက်ခွင့် ပြုစေချင်ပါတယ်”ဟု CNI သို့ ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ကုန်သွယ်ခြင်းကို ဇန်နဝါရီ ၁၂ ရက်နေ့က စတင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များအနက် ရှမ်းပြည် နယ်မှ ကျင်စန်းကျော့ဂိတ်၊ ကချင်ပြည်နယ်မှ ကန်ပိုက်တီဂိတ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များသာ ဖွင့်လှစ်ထား ခြင်း ဖြစ်သည်။