CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၃

ထိုင်းပင်လယ်ကွေ့ရှိ ရေနံယိုဖိတ်ခဲ့ရသော နေရာအနီးတွင် ရေထွက်သယံဇာတ ပျက်စီးဆုံးရှုံးမှုများခဲ့သဖြင့် ငါးဖမ်းလုပ်ငန်း အတွက် ထိုင်းဒေသခံ တံငါသည်များ အခက်အခဲကြုံတွေ့နေရကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဖနွမ်ပင်ပို့စ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့နောက် ပြည်ကြီးငါးများ ဖမ်းယူလေ့ရှိသည့် စက်လှေများမှာ ၎င်းပင်လယ်ကွေ့၌ ယခင်က ညစဉ်ညတိုင်း မီးစိမ်းပြ လှုပ်ရှား နေကြသော်လည်း ယခုရပ်နားနေကြကြောင်း ဖနွမ်ပင်ပို့စ်က ဆက်လက်ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ ရယောင် (Rayong) ပြည်နယ်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀ အကွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် ညပိုင်းက အနည်းဆုံး ရေနံစိမ်း တန်ချိန် ၆၀ ယိုဖိတ်ခဲ့သည့် ပိုက်လိုင်းကို ထိုင်းရေတပ်က ဖယ်ရှားရှင်းလင်း ကြိုးပမ်းနေသည်။

မဲရမ်ဖူအင် (Mae Ram Phueng) ကမ်းခြေကို ထိုင်းအာဏာပိုင်များက သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် ဇုန်အဖြစ် ကြေညာထားပြီး အဝါရောင် ပလတ်စတစ် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည့် တံငါလုပ်သားများက ပတ်ဝန်းကျင် သန့်ရှင်းရေး စတင်လုပ်ဆောင်နေခြင်းကြောင့် ကမ်းခြေတဝိုက် ရေကူးအပန်းဖြေခွင့် ပိတ်ပင်ထားသည်။

ရေနံယိုစိမ့်မှုကို ရှင်းလင်းနေစဉ်(AFP)

ရယောင် အပန်းဖြေစခန်းနှင့် ပင်လယ်စာ စားသောက်ဆိုင်များမှာလည်း ကပ်ရောဂါဖြစ်ပွားပြီးနောက် ရေနံယိုဖိတ်မှုဒဏ်ကပါ ဖိစီးလာ၍ ၎င်းတို့စီးပွားရေးလုပ်ငန်းများ အခြေအနေမကောင်းလှပေ။

အရေးပေါ် ငွေပေးချေမှုဖြင့် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းများကို အနည်းဆုံးတစ်လကြာ ရပ်ဆိုင်ရန် တောင်းဆိုခြင်းခံရ၍ နှစ်ရှည် လများ တံငါသည်အဖြစ် လုပ်ကိုင်လာသူများအတွက် ပထမဆုံးအကြိမ် ဆိုးရွားသည့် ထိခိုက်နစ်နာမှုများနှင့် ရင်ဆိုင်လာခဲ့ရ သည်။

၂၀၁၃ ခုနှစ်ကလည်း အလားတူဇုန်အတွင်း ပိုက်လိုင်းယိုစိမ့်မှုရှိခဲ့ရာ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ပြန်လည်ဦးမော့စေဖို့ ခါးသီးသော အတွေ့အကြုံများ ကြာရှည်ခဲ့ခြင်းကို ပြန်လည် အမှတ်ရစရာ ဖြစ်လာခဲ့သည်။

မတော်တဆမှုအတွက် ကနဦးလျော်ကြေးမှာ ဒေါ်လာ ၉၀၀ ဝန်းကျင်ရှိသော်လည်း ပုံမှန်လုပ်ငန်းမှ ရရှိသည့်ဝင်ငွေကို အစား ထိုးနိုင်အောင် လုံလောက်သည့် ပမာဏမဟုတ်ကြောင်း အသက် ၄၆ နှစ်ရှိ တံငါသည်တစ်ဦးဖြစ်သူ တူရန် (Tuem)က ပြော သည်။

“လျော်ကြေး မလိုချင်ဘူးဗျ။ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်နိုင်တဲ့ ကျန်းမာသန့်ရှင်းတဲ့ ပင်လယ်ပြင် ကြီးပဲ လိုချင်တာ ပင်လယ်ကနေ နေ့တိုင်း ပိုက်ဆံပေးတယ်။ အရင်နှစ်တွေတုန်းက ပင်လယ်ရေ အင်မတန်ကောင်းခဲ့တာ။ အခုတော့ နှစ်ဘယ် လောက်ကြာမှ ပြန်ကောင်းမယ်ဆိုတာ မသိတော့ပါဘူးဗျာ” ဟု ၎င်းက ရင်ဖွင့်ခဲ့သည်။

တူရန်သည် ပုံမှန်အားဖြင့် ငါးများ ၇ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်အထိ ဖမ်းဆီးနိုင်ပါက တစ်နေ့လျှင် ဒေါ်လာ ၃၀ ဝန်းကျင် ရရှိ သော်လည်း ယခုအခါ သူသုံးနေကျ ငါးဖမ်းပိုက်နှင့် ဓာတ်ဆီကုန်ကျစရိတ် ကာမိစေရန် မနည်းရုန်းကန်နေရကြောင်း ဆက် လက် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၀ ရက် လှေစီး ခရီးစဉ်တစ်ခုအတွင်း တံငါသည်တစ်ခုနှင့် ၎င်းတို့ ငါးဖမ်းစက်လှေတို့၏ ပုံမှန်ငါးဖမ်းဆီးနိုင်မှုမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး ဖမ်းဆီးရမိသည့် ငါးအများအပြားမှာလည်း သေဆုံးနေခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက အဆိုပါကမ်းခြေမှ ပင်လယ်ရေ နမူနာကို ယူဆောင်စမ်းသပ်ကြည့်ပြီး သဘာဝ ပတ်ဝန်း ကျင် ပျက်စီးအခြေအနေကို အပြည့်အဝ အကဲဖြတ်ရန် အချိန်ကြာမြင့်လိမ့်မည်ဖြစ်ကြောင်း ဘူရာဖာ (Burapha) တက္ကသိုလ် မှ အဏ္ဏဝါဗေဒသိပ္ပံပညာရှင် သနွန်ဆက်ဘွန်းဖက်ဒီး (Thanomsak Boonphakdee) က သုံးသပ်ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းအရ သိရသည်။

Source: AFP, Phnompenh Post